မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဥ့်ကူနယ်မြေ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ဘီယာဆိုင်ထိုင်နေချိန် အထူးကွန်မန်ဒိုအဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က သိရပါတယ်။
ပြည်သူတွေကို ဆက်ကြေးကောက်၊ ငွေတောင်းခံပြီး လက်နက်အားကိုးနဲ့အနိုင်ကျင့်နေတဲ့ စဥ့်ကူနယ်မြေရဲစခန်းမှူးနဲ့အဖွဲ့ကို တပ်မမှော်အတွင်းမှာရှိတဲ့ ဘီယာဆိုင်မှာထိုင်နေချိန် ပစ်ခတ်ခဲ့တာလို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ဖွဲ့ ၂ က ကိုရန်နောင်က ပြောပါတယ်။
"သူတို့ ဆိုင်ထိုင်နေတာကို ကျနော်တို့က ဝင်ပစ်တာ၊ စခန်းမှူးကောအပါ ၅ ယောက် ဘီယာဆိုင်ထိုင်နေတာ၊ တစ်ယောက်က မတ်တပ်ရပ်နေတာ၊ ကျနော်တို့ဝင်ပစ်တော့ သူတို့ဘက်က ပြန်ပစ်တယ်၊ ကျနော်တို့ရဲဘော် တယောက် ပေါင်ကိုကျည်ထိတယ်၊ ပြီးမှကျနော်တို့ ပြန်ဝင်ပစ်တာ၊ အကုန်လုံးကို အတိုနဲ့ခေါင်းကိုပစ်ခဲ့တာ။”
အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ကွန်မန်ဒို ရဲဘော်တစ်ယောက် ပေါင်မှာ ကျည်ထိမှန်ခဲ့ပေမဲ့ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ပြောပါတယ်။
စခန်းမှူးအပါအဝင် ရဲငါးဦးကို ပစ်ခတ်ပြီးနောက် G3 သေနတ်နှစ်လက်နဲ့ အူဇီတစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။
ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းနိုင်ဖို့ လက်နက်အင်အားလိုအပ်နေတယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။