စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးမှာ ဒီဇင်ဘာ ၁ ရက်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီဇင်ဘာ ၁ ရက် ည ၉ နာရီဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဒေသခံ PDF ဘက်က စတင်ပစ်ခတ်ခဲ့တာလို့ လျှပ်စစ်ရုံးအနီးနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ည ၉ နာရီလောက် PDF ဘက်က သေနတ် တချက်စဖောက်ပြီး ပြေးသွားတာ။ အဲ့ဒါမှာ လျှပ်စစ်ရုံးဝင်းအတွင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေက ဝိုင်းပြီး အနီးပတ်ဝန်းကျင်တွေ ရမ်းသန်းပစ်ခတ်ခဲ့တာ။"
အဆိုပါ ပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုမရှိနိုင်ကြောင်း၊ ဒေသခံကာကွယ်ရေး တပ်ဘက်ကလည်း လက်ဦးမှုရယူ ပစ်ပြီး ပြေးသွားနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုကြောင့် လျှပ်စစ်ရုံး အရှေ့ဘက်နေတဲ့ Non-CDM ဆောက်လုပ်ရေးဝန်ထမ်းရဲ့နေအိမ်ကျည်ထိမှန်ခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်ကလည်း လျှပ်စစ်ရုံးဝင်းအတွင်းက စစ်ကောင်စီတပ်သားတွေကို ကလေးမြို့ပြ ပြောက်ကျားတပ်က မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီလျှပ်စစ်ရုံးဝန်းအတွင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့မေလတုန်းကလည်း မြို့တွင်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို ဇန်နဝါရီ ၉ ရက်လည်း လျှပ်စစ်ရုံးဝင်းအတွင်း နေထိုင်တဲ့ ခရိုင်မှူးဦးမြင့်အောင်နိုင် ပစ်သတ်ခံရပြီး စစ်ကောင်စီတပ်တွေဟာ လျှပ်စစ်ရုံးဝန်းအတွင်းမှာ တပ်စွဲနေထိုင်လာတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ-ကလေးမြို့လျှပ်စစ်ရုံး(Crd)