ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်ခရိုင်ရှိ မြန်မာနဲ့ ထိုင်း အလုပ်သမားပေါင်း ၁၀၀ ကျော်အတွက် အလုပ်ကရပ်နားခံရလို့ အလုပ်ရှင်က လျော်ကြေးငွေ ဘတ် ၁ သန်းကျော်ပေးအပ်ခဲ့ပါတယ်။
အဆိုပါစက်ရုံဟာ နခွန်းပထုန်မြို့ လိုက်ခင်ရပ်ကွက်ရှိ NST ဆေးဆိုးပန်းရိုက်စက်ရုံဖြစ်ပြီး အလုပ် ရှင်က လုပ်ငန်းပိတ်သိမ်းကာ တခြားလုပ်ငန်းတစ်ခုပြန်စမှာမို့ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ နို ဝင်ဘာ ၂၈ ရက်က အလုပ်မှ ရပ်နားခဲ့ရတယ်လို့ အလုပ်သမားတွေလျော်ကြေးငွေပြန်ရရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“အလုပ်ရှင်က လက်ရှိအလုပ်ကနေ ရပ်နားပြီး ဒိပြင်အလုပ်တစ်ခုပြောင်းလုပ်တယ်။ အဲဒီမှာလိုက်ပြောင်းသွားချင်လည်းရတယ်ပေါ့။ ဒါပေမဲ့ အလုပ်သမားအများစုက မလိုက်ချင်ဘူး။ ဒါကြောင့် လျော်ကြေးပေးမယ်လို့ပြောထားတယ်တဲ့၊ ထိုင်းအလုပ်သမားတွေကို အရင်ပေးပြီး မြန်မာအလုပ်သမားတွေမရသေးတော့ အလုပ်သမားတွေက မရမှာစိုးလို့ ကျနော်တို့အဖွဲ့ဆီ လှမ်းပြီးအကူအညီတောင်းပါတယ်။ ကျနော်တို့ကလည်း မနေ့တုန်းက ( ဒီဇင်ဘာ ၁ ရက် ) သက်ဆိုင်ရာအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကိုသွားတိုင်ပေးတယ်။ ရုံးက အလုပ်ရှင်ကို အကြောင်းကြားတော့ အလုပ်ရှင်ချက်ချင်းလိုက်လာပါတယ်။ သူလည်းပေး မလို့ပါဘဲ။ အလုပ်သမားတွေ နားလည်မှုလွဲနေတယ်ထင်တယ်လို့ပြောပြီး တခါတည်း ညှိနှိုင်းဆောင်ရွက်ပေးလိုက်တယ်ခင်ဗျ။”
ထိုင်းအလုပ်သမားဥပဒေအရ အလုပ်သမားတွေဟာ အပြစ်မရှိဘဲ အလုပ်ရပ်နားခံရတယ်ဆိုရင် သာမန်လခအပြင် နောက်ထပ်လုပ်သက်ကိုလိုက်ပြီး နစ်နာကြေးရခွင့်ရှိကြောင်း၊ လုပ်သက် ၁ နှစ်ဆိုရင် ၁ လစာ ၁၀ နှစ်ဆိုရင် ၁၀ လစာနစ်နာကြေးရရမှာဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ကတော့ လုပ်သက် ၆ လ ကနေ ၁ နှစ်မပြည့်သူအတွက် တစ်ဦးလျှင် ဘတ် ၄၅၀၀ ၊ ၂ နှစ် နဲ့ ၃ နှစ်ကြားလုပ်သက်ရှိအတွက် ၁ ဦးလျှင် ၁၉၀၀၀ ဘတ် ၊ ၃ နှစ်နဲ့ ၄ နှစ်ကြားကလူတွေအတွက် ၁ ဦးလျှင် ၃၁၀၀၀ ၊ ၄ နှစ်မှ ၅ နှစ်ကြားအတွက် ၄၃၀၀၀ ဘတ် ၊ ၆ နှစ်နဲ့ ၇ နှစ်ကြား လုပ်သက်ရှိသူအတွက် ၁ ဦးလျှင် ဘတ် ၄၅၀၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဥပဒေအတိုင်းရာနှုန်းပြည့်မရပေမဲ့ အလုပ်ရှင်က အချိန်တိုအတွင်း ချက်ချင်း ဆောင်ရွက် ပေးတာကြောင့် အလုပ်သမားတွေအားလုံး ကျေနပ်မှုရခဲ့ကြတယ်လို့ ဆိုပါတယ်။
အေအေစီအနေနဲ့ အလုပ်သမားအရေးတွေ လိုက်လံဆောင်ရွက်ပေးတဲ့ထဲမှာ အလုပ်ရှင်က အခုလို မြန်မြန်ဆန်ဆန် ရှောရှောရှူရှူ ညှိနှိုင်းပေးတာဟာ ကြုံတောင့်ကြုံခဲပဲလို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။