မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းပေါ်မှာ ဒီဇင်ဘာ ၁ ရက် မနက် ၁၁ နာရီခွဲက ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက် မှာ ထုတ်ပြန်ပါတယ်။
ကနင်ကမော့ရွာနဲ့ အောင်သာယာရွာကြား ပရာသားတံတားနားမှာ စစ်ကား ၂ စီးပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားပေါ်ကဆင်းနေချိန် ကင်းပုန်းဝပ်နေတဲ့ ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ချုံခိုတိုက်ခိုက်မှုဖြစ်စဉ်မှာ တောင်ညိုပြောက်ကျားတပ်ဘက်က ထိခိုက်သေဆုံးတာ ရှိ၊ မရှိကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ အလစ်အငိုက် ချုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တာကြောင့် အနီးနားရွာက ဒေသခံတွေ ခြိမ်းခြောက်ခံနေရတယ်လို့ သိရပါတယ်။
အဲဒီ ရေး-သံဖြူဇရပ်လမ်း ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ပေမဲ့ အင်အားထပ်ဖြည့်လာနိုင်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။