ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့နယ်တွေမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော် Chin National Army-CNA ပူးပေါင်းတပ်ဖွဲ့တို့ CNA တပ်မဟာ-၃ နယ်မြေအတွင်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅၀ ကျော် သေဆုံးပြီး သေနတ် ၉ လက်နဲ့ ခဲယမ်းတွေရရှိတယ်လို့ CNF သတင်းနဲ့ ပြန်ကြားရေးက နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဟားခါး-ထန်တလန်မြို့အကြားနဲ့ ဟားခါးမြို့တို့မှာ CNA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ CNA ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ချင်းလက်နက်ကိုင်အဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတဦးက “CNA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလအတွင်း ဟားခါး၊ ထန်တလန်ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သုတ်သင်နိုင်ခဲ့ပြီး သေနတ် ၉ လက်နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာပြီး တိုက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၃ စီးနဲ့ ပစ်ကူခဲ့ပြီး ဟားခါးမြို့ စစ်တပ်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။