Home
မြန်မာသတင်း
‌မြောက်ဥက္ကလာနှင့် ရွှေပေါက္ကံမြို့သစ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ ဧည့်စာရင်းဝင်စစ်
DVB
·
November 30, 2022
North Oakkalapa 2 qrt
North Oakkalapa

မင်္ဂလာဒုံက အိမ်ဖျက်ခံလိုက်ရတဲ့ သူတွေ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊  (ည)ရပ်ကွက်၊ ရွှေပေါက္ကံမြို့သစ်နဲ့ ပုရွက်ဆိတ်ကုန်းရပ်ကွက်တွေမှာ ရွှေ့ပြောင်းနေထိုင်နေတယ်ဆိုပြီး နိုဝင်ဘာ ၂၉ ရက်ညပိုင်းက စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ လ.ဝ.က အဖွဲ့ဝင်တွေ ဧည့်စာရင်းဝင်စစ်ခဲ့ပေမဲ့ ဖမ်းဆီးခံရသူတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

မြောက်ဥက္ကလာပ၊ ည ရပ်ကွက်ရှိ ဘုမ္မာလမ်းသွယ်တွေကို ည ၁၀ နာရီခွဲဝန်းကျင်နဲ့ ရွှေ‌ပေါက္ကံမြို့သစ်နဲ့ ပုရွက်ဆိတ်ကုန်းရပ်ကွက်တွေမှာတော့ ည ၁၂ နာရီလောက်မှာ ဝင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဧည့်စာရင်းမတိုင်သူတွေထဲက တချို့ကို စစ်ဆေးစရာရှိတယ်လို့ဆိုကာ ရုံးခေါ်သွားပြီး အဲဒီညပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာဒေသခံတစ်ဦးက “သူတို့က သတင်းအတိကျနဲ့ကို လာတာ၊ ဘယ်လမ်း၊ ဘယ်အိမ်မှာ ဘယ်သူ‌တွေ ပြောင်းလာသလဲပေါ့။ ဒီက လမ်းမှူးနဲ့ အုပ်ချုပ်ရေးမှူးတွေတောင် မသိရကောင်းမလား ဆိုပြီး အော်ငေါက်သွားသေးတယ်”လို့ ပြောပါတယ်။ 

လက်နက်ကိုင် ၈ ယောက်လောက် လိုက်ပါလာပြီး ရပ်ကွက်အုပ်ချုပ်ရေးနဲ့ လ.ဝ.က ဝန်ထမ်းတွေဟာ ရပ်ကွက်တွေထဲ ညပိုင်း ဝင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပုရွက်ဆိတ်ကုန်းရပ်ကွက်က ရပ်ကွက်ဓမ္မာရုံနဲ့ သံလမ်းဟောင်းက အိမ်တွေကို  ဒီဇင်ဘာလအတွင်း ဖျက်သိမ်းဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မှာ  မဖျက်ပေးပါက ဖျက်ခ ကျပ် ၃ သိန်းပေးရမယ်လို့  ခြိမ်းခြောက်‌သွားကြောင်း သိရပါတယ်။  

ရပ်ကွက်နေသူတဦးက “ဟိုတလောက ပျဉ်းမပင်မှာ ဖျက်တဲ့အိမ်တွေ ဒီဘက် ပြောင်းလာလား မေးတယ်။ ဒီရပ်ကွက်ထဲ မရှိသေးဘူးလို့ ပြောတော့ ရောက်လာတာနဲ့ သူတို့ကို အကြောင်းကြားဖို့ ပြောတယ်။ ဧည့်စာရင်းကိုလည်း စာအုပ်နဲ့အပြင် ဓာတ်ပုံနဲ့ပါ တိုင်ဖို့ ပြောသွားတယ်”လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကစပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တချို့မှာ မင်္ဂလာဒုံမြို့နယ်က လာနေသူတွေကို ဧည့်စာရင်းမပေးဖို့နဲ့ အိမ်တွေ၊ အဆောင်တွေ ငှားရမ်းနေထိုင်ခွင့် မပေးဖို့ ညွှန်ကြားထားခံရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024