ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက မြေစာပုံ ပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာသူ အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ရေမဆေးကျောက်ရှာသူတွေ က ပြောပါတယ်။
မှော်ဆီစာရွာနားက ကုမ္ပဏီလုပ်ကွက်ဟောင်း တခုမှာ မြေစာတင်ကားက မြေစာလာပုံချိန် မြေစာ ပုံ ပြိုကျခဲ့လို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရေမဆေးကျောက်ရှာသူ တဦးက "မြေစာကား မြေစာသွန် နေတုန်း မြေစာပုံ ပြိုကျတာ။ အောက်မှာ ရေမဆေးရှာတဲ့သူ နှစ်ဦး သေတယ်။ အလောင်းတွေကို လူမှုကူညီရေး ကားနဲ့ သယ်သွားတယ်။” လို့ ပြောပါတယ်။
မြေပုံပြိုကျလို့ အသက် ၃၀ ကျော် အရွယ် တယောက်နဲ့ အသက် ၄၀ ကျော် အရွယ် တယောက်တို့ သေဆုံးခဲ့တာပါ။
မိုးကာကျေးရွာမှာလည်း အောက်တိုဘာလက မြေစာပုံပြိုကျပြီး ရေမဆေးကျောက် ရှာသူ အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲက မှော်ဆီစာ၊ မမုံနဲ့ မက်လင်ချောင်ရွာတွေမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ မှာ ညလုံးပေါက် ကျောက်စိမ်းတူးဖော်တာတွေ ပုံမှန်ရှိနေဆဲ ဖြစ်ပါတယ်။