ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းကြီးကျောင်းမှာနေတဲ့ တက္ကသိုလ်ကျောင်းသား ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ၁၆ ရက်နေ့မြောက် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေကတော့ မောင်အောင်လင်းစိုး၊ မောင်ဘိုအောင်ခင်၊ မောင်အောင်ငြိမ်း၊ မောင်စိုးမင်း၊ မောင်ဇော်လှိုင်ဦးတို့ ဖြစ်ကြပြီး မနေ့ညက သူတို့နေထိုင်ကြတဲ့ ဓန္ဓာရုံကျောင်းကို လာပို့သွားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
"ဒီနေ့ ညနေပိုင်းမှာ အကုန်လုံးလွတ်လာကြပြီဗျာ။ အခုတော့ သူတို့ နေထိုင်ကြတဲ့ ကျောင်းကို ရောက်နေကြပြီဗျာ။ ကျန်းမာရေးတွေလည်း ကောင်းကြပါတယ်။ လွတ်မြောက်လာကြလို့လည်း မိသားစုတွေတော်တော်လည်း ပျော်ရွှင်နေကြတယ်။”
အဆိုပါလူငယ် ၅ ဦးဟာ သူတို့နဲ့ အတူနေထိုင်ကြတဲ့ နောက်ထပ်လူငယ် ၄ ဦးနဲ့ အတူ နိုဝင်ဘာ ၁၁ ရက်ညက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှာ ၄ ရက်လောက် ထိန်းသိမ်းထားကာ နိုဝင်ဘာ ၁၆ ရက်မှာ စစ်တပ်လက်သို့ လွှဲပြောင်းခံရပါတယ်။
သူတို့နဲ့အတူဖမ်းဆီးခံလိုက်ရတဲ့ မောင်ကံစိုးအပါဝင် ၄ ယောက်ကို နိုဝင်ဘာ ၂၄ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီး နောက်ထပ် ၅ ယောက်ကိုတော့ နိုဝင်ဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အခုဖမ်းဆီးခဲ့ရတဲ့ လူငယ် ၉ ဦးဟာ ပုဏ္ဏားကျွန်းမြို့နယ် မြက်သောက်၊ ပဲစိနန်းနဲ့ ကျောက်တော်မြို့နယ် ခွဆုံကျေးရွာကလူငယ်တွေဖြစ်ပြီး အဝေးသင်တက်နေရင်း စစ်တွေမြို့မှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ကြပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ကတည်းက စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူမှုရေးတက်ကြွလှုပ်ရှားသူအပါဝင် အရပ်သား ရာနဲ့ချီ ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုထားပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့ ၄ လကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့က နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲလိုက်ကြတယ်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်ပါတယ်။