ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ စစ်ရေး တင်းမာလာပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော် နုတ်ထွက်စာ တင်ထားကြတယ်လို့ မြို့နယ်ထွေ/အုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့ကြား နိုဝင်ဘာလဆန်းပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာ နေအိမ်တွေကို မီးရှိုတာနဲ့ ရွာသားတွေကို သတ်ဖြတ်တာအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မထီမဲ့မြင် လုပ်တာကြောင့် နုတ်ထွက်စာတင်တာ ဖြစ်နိုင်တယ်လို့ မြို့နယ် ထွေ/အုပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
"နုတ်ထွက်စာ တင်သူ ၆၀ ကျော်ရှိလာတယ်။ နုတ်ထွက်ခွင့် ပြု၊ မပြုကတော့ အထက်က အမိန့်ကျမှ သိရမှာဖြစ်တယ်။ စစ်တပ်က ကျေးရွာတွေကို ဝင်စစ်တဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူး တွေကို မထီမဲ့မြင်လုပ်ရပ်တွေကြောင့် အုပ်ချုပ်ရေးမှူးတွေက နုတ်ထွက်လာကြတာလို့ သိရတယ်။"
ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စု ၉၆ စုရှိပြီး နုတ်ထွက်စာတင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော် ရှိလာတာလည်း ဖြစ်ပါတယ်။
စစ်ရေးတင်းမာလာမှုကြောင့် နှစ်ဖက်လက်နက်ကိုင်တွေကြား ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အနေကြပ်လာပြီး အုပ်ချုပ်ရေးမှူး တယောက်အနေနဲ့ ဘာမှလုပ်မပေးနိုင်တော့ နုတ်ထွက်စာ တင်လိုက်တာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
"အဓိကတော့ စစ်ရေးတင်းမာလာတဲ့အခါ နှစ်ဖက်လက်နက်ကိုင်တွေက အုပ်ချုပ်ရေးမှူးတွေကို အမြင်မကြည်တော့သလို ဖြစ်လာကြတယ်။ ကျေးရွာ အခက်ကြုံလာတဲ့အခါ ဘာမှ လုပ်မပေး နိုင်ကြတော့ နုတ်ထွက်စာတင်လိုက်တာပါ။"
ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်က စစ်ကောင်စီရိက္ခာတင်ယာဥ် ၃ စီးကို အေအေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေအပါဝင် လက်နက်ကြီးပစ်ကူနဲ့ပါ ပြန်လည်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲမှာ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကာ လူဦးရေ သောင်းချီ စစ်ဘေးရှောင်နေကြရပါတယ်။