မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု ထွက်စာတင်ထားပေမဲ့ စစ်ကောင်စီက လက်မခံတာကြောင့် တိမ်းရှောင်နေတယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တော်လှန်ရေးအင်အားစုဘက်က မကြာခဏ ပစ်ခတ်ရှင်းလင်းနေတာနဲ့ စစ်ကောင်စီဘက်က စစ်သားစုဆောင်းရေးအတွက် အတင်းအကျပ် ဖိအားပေးနေတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အများစုဟာ နုတ်ထွက်စာ တင်ထားကြပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ နုတ်ထွက်စာတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံက ဒီနေ့အချိန်ထိ လက်ခံတာမျိုး မရှိတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီခိုင်းတဲ့ တာဝန်တွေကို မထမ်းဆောင်ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အုပ်ချုပ်ရေးမှူး တော်တော်များများက နုတ်ထွက်စာတင်ထားကြတယ်။ စစ်ကောင်စီဘက်ကတော့ ခုထိလက်မခံဘူး။ အခု အုပ်ချုပ်ရေးမှူးတွေက တခြားမြို့ ပြောင်းတာတို့၊ ရပ်ကွက်ပြောင်းနေတာတို့၊ အိမ်ပြောင်းအိပ်တာတို့ လုပ်နေကြတာရှိတယ်။ နုတ်ထွက်စာမတင်လို့လည်း မရဘူးလေ၊ စစ်တပ်ကလည်း စစ်သား အတင်းစုဆောင်းခိုင်းတယ်။ တော်လှန်ရေးအဖွဲ့ကလည်း စစ်သားစုဆောင်းတာနဲ့ ပစ်ခတ်ရှင်းလင်းတာတွေ လုပ်တယ်။ လက်နက်ကိုင်နှစ်ဖွဲ့ကြားထဲမှာ ညပ်နေတော့ နုတ်ထွက်ကြတာပေါ့။”
သထုံခရိုင်အတွင်း ရပ်ကွက် ၁၃ ရက်ကွက်နဲ့ ကျေးရွာ ၃၀ လောက်က အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ထားကြပြီး တိမ်းရှောင်နေကြတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ ပိတ်ထားရတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့ခံတဦးက “အုပ်ချုပ်ရေးမှူးတွေလည်း အသတ်ခံရမှာကြောက်ပြီး ရုံးကိစ္စ ဘာမှမလုပ်တော့ဘဲ အကုန်ထွက်ပြေးကြတာ။ တချို့ဆို မိသားစုလိုက် မြို့ကနေ ထွက်ပြေးသွားကြတာ။ အခု ထောက်ခံစာယူရင် တော်တော်ကို အခက်အခဲဖြစ်တာ။ သော့ကိုင်ရုံးစာရေးကို လိုက်ရှာ၊ အတင်းတောင်းပန်ပြီး ပြီးတာနဲ့ ရုံးသော့ဖွင့်ပြီး တံဆိပ်တုံး ရိုက်ခိုင်းရတယ်။ သူတို့ကလည်း အရေးမကြီးရင် မလုပ်ပေးဘူး။ နာမည်ထွက်ရင် လာသတ်မှာစိုးလို့တဲ့” လို့ ပြောပါတယ်။
သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်မှုထမ်းစာရင်း ကောက်ခံတာနဲ့ စစ်သားစုဆောင်းပေးတဲ့ ဘယ်သူမဆို ပစ်ခတ်ရှင်းလင်းသွားမယ်ဆိုပြီး သထုံခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက မတ်လကစပြီး ထုတ်ပြန်ထားပါတယ်။
သထုံခရိုင်အတွင်းမှာ ၂၀၂၄ ဇန်နဝါရီမှ ဇွန်လအကုန်ထိ ၆ လအတွင်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းစာရင်း ကောက်ခံပေးတဲ့သူ ၃၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။