Home
မြန်မာသတင်း
မိုးကုတ်မြို့က အုပ်ချုပ်ရေးမှူးရှိသည့် ရပ်ကွက်ကျေးရွာများတွင်သာ စစ်မှုထမ်းဆင့်ခေါ်စာပေး
DVB
·
March 24, 2024
MoGoke_24032024

မန္တလေးတိုင်း၊ မိုးကုတ်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပို့ပြီး စာရင်းကောက်နေတယ်လို့ သိရပါတယ်။

မတ် ၂၀ ရက်နေ့ကစလို့ အုပ်ချုပ်ရေးမှူးရှိတဲ့ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး တအိမ်တက်ဆင်း ဆင့်ခေါ်စာ လိုက်ပေးတာ၊ အစည်းအဝေးခေါ်တာတွေ လုပ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

မိုးကုတ်မြို့၊ စစ်တန်းရပ်ကွက်နေ​ဒေသခံတယောက်က “ဒီမှာကျ အုပ်ချုပ်ရေးမှူးကိုယ်တိုင် အကုန်စာရေးထားပြီးဖြည့်ထားပြီးသား။ ပထမက စာရွက်နဲ့လူ ၇ ယောက်လာခေါ်တယ်။ အဲဒီထဲက နှစ်ယောက်ကို နောက်နှစ်ပတ်နေရင် လာခေါ်မယ်ဆိုပြီး ပြောသွားတယ်။ ကျန်တဲ့သူတွေကိုတော့ ၆ လအတွင်း ဘယ်မှမသွားရဘူးလို့ လာမှာသွားတယ်။ တရပ်ကွက်လုံး စစ်မှုထမ်းစာရင်းအရ ၂၇၀ ကျော်ရှိတယ်။ မဲနှိုက်မယ်ဆိုပြီး အစည်းဝေးခေါ်တာ ဘယ်သူမှမသွားကြဘူး” လို့ ပြောပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းစာရင်း ကောက်ယူနေတာကြောင့် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူတွေ ပြည်ပထွက်ခွာကြသလို တခြားနယ်တွေမှာ သွားရောက်ရှောင်တိမ်းကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “အိမ်နားက မိသားစုလိုက်သွားရပြီ။ ပထမလာခေါ်မယ့်အသုတ်ထဲ သားပါလို့၊ မိသားစုတွေရှိတာတွေရောင်းချပြီး တခြားရွှေ့သွားတယ်။ ဒီမှာအခြေကျပြီး အဆင်ပြေနေပေမယ့် ဘယ်သူမှတော့ ကိုယ့်သားကို အဲ့ဒီထဲ မထည့်ချင်ဘူး။ အကုန်ရွှေ့ကုန်ကြပြီ။  အများကြီးပဲ ရွှေ့တာ” လို့ ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းမှာ စစ်တန်းရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ ရွှေဂူရပ်ကွက်၊ မြို့မရပ်ကွက်တွေမှာ စစ်မှုထမ်းစာရင်းကို အုပ်ချုပ်ရေးမှူးတွေဆီကတဆင့် စစ်ကောင်စီက ကောက်ခံနေပြီး အုပ်ချုပ်ရေးမှူးမရှိတဲ့ ရပ်ကွက်တချို့မှာတော့ ဆင့်ခေါ်စာတွေ မရောက်လာသေးဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013