ချင်းပြည်ကာကွယ်ရေးတပ်-ကလေး၊ ကဘော်၊ ဂန့်ဂေါ (CDF-KKG) ဆီကို ကလေးမြို့က ရဲတပ်သား ၂ ဦးလက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
ဒီနေ့ မတ် ၂၄ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ရဲတပ်ရင်း ၁၆ က ရဲတပ်သား ၂ ဦး လက်နက်နဲ့တကွ CDF -KKG ဆီ အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။
ရဲတပ်သား ၂ ယောက်ဟာ အသက် ၂၅ နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့နဲ့အတူ G 3 သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆံ အတောင့် ၄၇၀ ကျော် ပါလာခဲ့တယ်လို့ သိရပါတယ်။
CDF-KKG ပြန်ကြားရေးတာဝန်ခံက “သူတို့က ကျနော်တို့ရဲဘော်တွေနဲ့ ဆက်သွယ်ပြီး ရောက်လာတာပါ။ ကလေး ရဲတပ်ရင်း ၁၆ က လို့ပြောပါတယ်။ သူတို့သွားချင်တဲ့နေရာကို သွားရောက်ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်အတွင်းမှာ ကျနော်တို့ဆီ ရောက်လာတဲ့ ရဲတပ်သား ၄ ယောက်ရှိပါပြီ” လို့ ပြောပါတယ်။
CDF-KKG အနေနဲ့ ရဲတပ်သား ၂ ဦးပေါင်းကို ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ထားပြီး လွတ်မြောက်နယ်မြေဆီကို ပို့ဆောင်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။