တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာကို နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး နေအိမ်တချို့ကို ဖျက်ဆီးကာ ရွာခံတွေကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် အမျိုးသား ၂ ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၂၀ ကျော်အရွယ် မောင်သိန်းလွင်နဲ့ တခြားရွာကနေ ပြောင်းရွှေ့လာရောက် နေထိုင်ပြီး အီကြာကွေး ကြော်ရောင်းနေတဲ့ အသက် ၄၀ အရွယ် ဦးကျော်စိုးတို့ကို ပစ်သတ်သွားတာလို့ ဆိုပါတယ်။
ပစ်သတ်ခံလိုက်ရတဲ့ မောင်သိန်းလွင်ဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ မသန်စွမ်းတယောက် ဖြစ်ပြီး ဦးကျော်စိုးမှာတော့ ၆ လအရွယ် သမီးလေး တယောက်နဲ့ ဇနီး ကျန်ခဲ့တယ်လို့ သိရ ပါတယ်။
ညောပြင်ရွာခံ တဦးက "သူတို့က တနေ့လုပ်တနေ့စားတွေ။ သမီးလေးကလည်း ငယ်ငယ်လေးရှိ သေးတာ။ ကျန်ခဲ့တဲ့ ဇနီးက တော်တော်လေးအခက်တွေ့နေတယ်။ ဝိုင်းကူပေးဖို့တော့ လုပ်နေတယ်" လို့ ပြောပါတယ်။
ညောပြင်ကျေးရွာကနေ ၄ မိုင်လောက်အကွာ ကျောက်နီမော်ကျေးရွာမှာ စခန်းချနေထိုင်တဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်လောက်ဟာ ကားသုံးလေးစီးနဲ့ မနက် ၅ နာရီလောက် ရွာထဲရောက်လာပြီး နေအိမ်တချို့ကို ရိုက်ဖျက်ဖျက်ဆီးကာ တန်းဖိုးရှိ ပစ္စည်းတွေ ကိုလည်း ယူသွားတယ်လို့ ရွာသားတွေက ဆိုပါတယ်။
ရွာခံတဦးက" ရွာထဲ စဝင်လာကတည်းက မွှေတာ။ တွေ့တဲ့လူကို ဖမ်းတယ်။ ပြီးရင် အကုန်လုံးကို နေပူထဲ တနေကုန်ထိုင်ခိုင်းထားတယ်။ သူတို့ပြန်မှ အကုန်လွှတ်ပေးတာ" လို့ ပြောပါတယ်။
ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေဟာ ညနေ ၆ နာရီလောက်မှ ရွာထဲကနေ ပြန်ထွက်သွားပြီး ရွာခံတွေရဲ့ ဆိုင်ကယ် ၉ စီးနဲ့ နေအိမ်တွေက ပိုက်ဆံတချို့ကိုလည်း ယူဆောင်သွားတယ်လို့ ပြောပေမယ့် ပိုက်ဆံဘယ်လောက် ပါသွားလဲဆိုတာကိုတော့ မသိရပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို ရွာထဲဝင်ရောက်ရှာဖွေနေတာဟာ နိုဝင်ဘာ ၂၃ ရက်က ထားဝယ်မြစ်ထဲမှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၄ ယောက်ကို PDF တွေက ပစ်သတ်ခဲ့တာနဲ့ ပတ်သက်နိုင်ပြီး ရွာသားတွေကိုလည်း PDF တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်မှု ရှိ။ မရှိ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။