ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက်က အရက်အတူသောက်ရင်း ဓားထိုးခံရလို့ အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဆီဆုံကျေးရွာအုပ်စု၊ အောက်ဒညင်းကုန်းကျေးရွာမှာ နေထိုင်တဲ့ ဦးအောင်ကြိုင်ဟာ တရွာတည်းနေသူတွေနဲ့ အရက်အတူသောက်စားရင်း စကားများရာကနေ သက်ခိုင်စိုးက ဓားနဲ့ထိုးခဲ့လို့ သေဆုံးခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တဦးက “ဖြစ်တာက ရွာထဲကအိမ်မှာ၊ သူက သွားရောက်ရင်း ဓားထိုးခံရတာ၊ သောက်စားရင်း မူးလာတော့ စကားများတယ်။ အဲ့မှာ ဒေါသစိတ်မထိန်းနိုင်တော့ ဓားနဲ့ထိုးလိုက်တဲ့ပုံစံပါ” လို့ ပြောပါတယ်။
တရွာတည်းနေ အသက် ၃၂ နှစ်အရွယ် သက်ခိုင်စိုးရဲ့ ဓားနဲ့ထိုးခံရပြီး သေဆုံးခဲ့တဲ့ ဦးအောင်ကြိုင်ကို သာပေါင်းပြည်သူ့ဆေးရုံကြီး ပို့ဆောင်ထားပါတယ်။
ဦးအောင်ကြိုင် သေဆုံးအောင် ဓားနဲ့ထိုးခဲ့တဲ့ သက်ခိုင်စိုးကို သာပေါင်းမြို့မရဲစခန်းမှာ (ပ) ၈၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။