ဧရာဝတီတိုင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ အနီးတဝိုက်မှာ မောင်းသူမဲ့ဒရုန်းတွေ့ရင် ပစ်ချဖို့အတွက် စစ်ကောင်စီက နိုဝင်ဘာလဆန်းပိုင်းမှာ ညွှန်ကြားထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ အနီးတဝိုက်မှာ မောင်းသူမဲ့ဒရုန်းတွေ တွေ့ရှိတဲ့အခါ ခွင့်ပြုချက် တောင်းခံစရာမလိုဘဲ ပစ်ချဖို့အတွက် ညွှန်ကြားထားတာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “ခုက ဒရုန်းနဲ့ ဗုံးချိတ်ပြီး တိုက်ခိုက်တာတွေ များလာလို့ ခုလိုမျိုး ညွှန်ကြားတာထင်တယ်။ တခြားတော့ မပါဘူး။ ဒရုန်းတွေ့ရင် ပစ်ချဖို့၊ ပစ်မချနိုင်ရင် ဘေးကင်းရာရှောင်ဖို့ အဲ့လိုမျိုးပဲပြောတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲစခန်းတွေကို ဒရုန်းနဲ့ ဗုံးပစ်တိုက်ခိုက်တာမျိုး မရှိသေးပေမဲ့ ဖြစ်လာနိုင်လို့ ကြိုတင်သတိပေး ထုတ်ပြန်ထားတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ ဧရာဝတီတိုင်းအတွင်းက ပြည်သူတွေမှာရှိတဲ့ အလှူ၊ မင်္ဂလာဆောင်နဲ့ ရိုက်ကူးရေးတွေမှာ အသုံးပြုလို့ရတဲ့ ဒရုန်းတွေကိုလည်း လာအပ်ဖို့နဲ့ မအပ်ဘဲ တွေ့ရှိရင် အရေးယူမယ်ဆိုပြီး လိုက်ကြေညာတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်ကလည်း ညောင်တုန်းမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပေါ် ဒရုန်း ၁ စင်း ပျံဝဲလာတာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။