ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်တကြောမှာ တရုတ်ဘက်က ဝယ်လိုအားများနေတဲ့ မီးသွေးတွေကို အလွန်အကျွံ ထုတ်လုပ်ရောင်းချနေလို့ သစ်တောပြုန်းတီးတာတွေ ပိုဆိုးလာနေပါတယ်။
ဒေသခံတွေဟာ လက်ရှိ နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် ဝင်ငွေရလွယ်တဲ့ မီးသွေးဖုတ်တဲ့လုပ်ငန်းကို အုံလိုက်ကျင်းလိုက် လုပ်ကိုင်လာကြတာကြောင့် သစ်တောတွေ ပိုပြုန်းတီးလာတာလို့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“တောင်တတောင်ဆိုရင် ချိန်းဆောနဲ့ဖြတ်လိုက်ရင် ဘယ်လောက်မှမကြာဘူး။ ရှိသမျှသစ်ပင်တွေ ကုန်သွားတာပဲ” လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။
မီးသွေးဖုတ်ဖို့အတွက် ဒေသခံတွေကို တရုတ်လုပ်ငန်းရှင်တွေက ငွေကြိုပေးတာကြောင့် အလွယ်တကူ လုပ်ကိုင်ကြသလို တခြားလုပ်ငန်းတွေ ရွေးချယ်လုပ်ကိုင်ဖို့က အကျိုးအမြတ် နည်းတာကြောင့် မီးသွေးဖုတ်လုပ်ငန်းကိုသာ အားစိုက်လုပ်ကိုင်ကြတာလို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
မီးသွေးတွေကို တရုတ်ဘက် တင်ပို့ရောင်းချရာမှာ တရားဝင်ခွင့်ပြုထားတာ မရှိပေမဲ့ အဓိက ချင်းရွှေဟော် နယ်စပ်ဘက်နဲ့ မူဆယ်နယ်စပ်တလျှောက်ရှိ တရားမဝင်ဂိတ်ပေါက်တွေကနေ တဆင့် အများအပြားတင်ပို့ကြပြီး တရားဝင်ဂိတ်တွေကနေလည်း ပိုက်ဆံပေး ဝင်ရောက်တာတွေ ရှိတယ်လို့ မီးသွေးကုန်တင် ယာဉ်မောင်းသမားတွေက ဆိုပါတယ်။
တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်ခရိုင်၊ လားရှိုးခရိုင်တွေမှာလည်း မီးသွေးအဝယ်ဒိုင်တွေက ဘောလုံးကွင်းနီးပါး အဝယ်ဒိုင်ကွင်းတွေလုပ်ပြီး ဒေသပေါက်ဈေးနှုန်းထက် ပိုပေးပြီး မီးသွေးဈေးကွက်တွေကို ချုပ်ကိုင်ရောင်းဝယ်နေကြတယ်လို့ မီးသွေးကုန်သည်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီလို အဝယ်ဒိုင်ကွင်းတွေဟာ ရာချီရှိနေပြီး ကွင်းတကွင်းကနေ တရက်ကို ပျမ်းမျှ မီးသွေး ၃၄ တန်ကနေ ၃၆ တန်ဆန့် မီးသွေးအိတ် ၁,၅၀၀ နီးပါးရှိ ကုန်တင်ယာဉ်တွေနဲ့ ရောင်းဝယ်နေကြပြီး ကားအစီးရေ အနည်းဆုံး ၂၀ ခန့် တရုတ်ဘက်ကို ထွက်နေတယ်လို့ မီးသွေးကုန်သည်တွေနဲ့ နီးစပ်သူတဦးက ဆက်ပြောပါတယ်။
မူဆယ်နယ်စပ် မုံးပေါ်ဒေသတခုတည်းကနေ တရုတ်ဘက်ကို မီးသွေးတင်ပို့မှုက တလကို မီးသွေး တန် ၅၀၀၀ နဲ့ ၁၀,၀၀၀ ကြား တင်ပို့နေရတယ်လို့ မီးသွေးအရောင်းအဝယ် ကုန်သည်တဦးက ပြောပါတယ်။
ဒီဒေသမှာ မီးသွေးဖုတ်လုပ်ငန်းကို ၂၀၁၃ ခုနှစ် ဝန်းကျင်ကတည်းက လုပ်ကိုင်ကြတာလို့ သိရပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွေမှာတော့ တရုတ်ဝယ်လက်တွေက မီးသွေးကို တရုတ်နိုင်ငံအတွင်း သုံးစွဲဖို့အတွက်သာမက Export အတွက်ပါ ဈေးကောင်းပေး ဝယ်ယူလာတာကြောင့် ဈေးကွက်ရှိလာတာလို့ တရုတ်-မြန်မာ နယ်စပ်ကုန်သည်တဦးက ဆိုပါတယ်။
“မြန်မာဘက်ကဝယ်လာတဲ့ မီးသွေးတွေကို တရုတ်ထဲရောက်ရင် ပြန်သန့်တယ်။ ပါကင်ကောင်းကောင်း ထုပ်ပိုးပြီး made in China ပြန်လုပ်ပြီး တခြားနိုင်ငံ ပြန်ပို့တာ၊ ဥပမာ ကိုရီးယား၊ ဂျပန်လိုမျိုး မီးသွေးများများ သုံးတတ်တဲ့ နိုင်ငံမျိုးတွေကို ပြန် export လုပ်ကြတယ်” လို့ အဲဒီကုန်သည်က ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေနေတဲ့ ဒေသခံတဦးက “ကျနော်တို့ဘက် အဓိက သစ်တောပြုန်းတီးမှု ဖြစ်တာက အကန့်အသတ်မဲ့ မီးသွေးဖုတ်လို့လေ” လို့ ပြောပါတယ်။
ဒေသခံတောင်သူတွေဟာ စပါး၊ လက်ဖက်နဲ့ ကြံပင်များကို အဓိကစိုက်ပျိုးကြပေမဲ့ ရာသီဥတု ဖောက်ပြန်တာ၊ စိုက်ပျိုးရာမှာ လိုအပ်တဲ့ သွင်းအားစုဝယ်ယူစရိတ် ကြီးမြင့်တာ၊ ထုတ်ကုန်ဈေးကွက် မတည်ငြိမ်တာ စတဲ့ အခြေအနေတွေကြောင့် မီးသွေးဖုတ်လုပ်ငန်းကို မိသားစုဝမ်းရေးအတွက် ပြောင်းလဲလုပ်ကိုင်တာလို့ ဆိုပါတယ်။
“ကြံတွေ၊ လယ်တွေလုပ်ရင် ကုန်တာနဲ့ ပြန်ရတာ မကာမိတော့ဘူး။ လယ်စိုက်တာထက် မီးသွေးဖုတ်တာက ပိုကိုက်တာပေါ့။ မီးသွေးဖုတ်တာက အရင်းလည်းနည်းတယ်။ မီးသွေးက ကိုယ့်လုပ်အားက အရင်းပဲလေ။ ကြံတွေ၊ လယ်တွေဆိုတာ မီးသွေးကိုမမီဘူး” လို့ တောင်သူတဦးက ပြောပါတယ်။
မီးသွေးဖုတ် လုပ်ကိုင်ရာမှာ ပထမဆုံး မီးသွေးဖုတ်ဖို့လိုအပ်တဲ့ ကျင်းအသစ် တူးထားပြီးရင် ခုတ်ယူထားတဲ့ ထင်းမကုန်မချင်း မီးသွေးဖုတ်လို့ရကာ အနားဝန်းကျင်မှာ ထင်းရနေသရွေ့ မီးသွေးဖုတ်လို့ရနေပြီး ကျင်းပြိုမှသာ ထပ်တူးရတယ်လို့ အဆိုပါတောင်သူက ပြောပြပါတယ်။
“တကျင်းကိုဆိုရင် တူးခက တသိန်းလောက် ကုန်မှာပေါ့။ ပထမတခါပဲ တူးရတာလေနော်။ တကျင်းကို တလထဲမှာ သုံးခါထုတ်လို့ရတယ်။ ကျနော်တို့က အခု ၂ ကျင်းဆိုတော့ တလ ၆ ခါ၊ တခါထုတ်ရင်တော့ အိတ် ၂၀၊ ၃၀ လောက်တော့ ရတာပေါ့။ မီးသွေးဖုတ်တာ တလကို အနည်းဆုံး ၁၀ သိန်းလောက်တော့ ရတယ်” လို့ အဲဒီတောင်သူက ဆက်ပြောပါတယ်။
မီးသွေးထုတ်လုပ်တာ နှစ်ကြာရှည်လာတာနဲ့အမျှ ဂေဟစနစ် ပျက်ယွင်းလာနေသလို ဒေသရဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုရတဲ့ စပါးစိုက်ပျိုးရေးလုပ်ငန်းမှာ ပိုထိခိုက်မှု ရှိလာမှာတွေကို စိုးရိမ်နေရတယ်လို့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသူတဦးက စိုးရိမ်တကြီး ပြောဆိုပါတယ်။
“ရာသီဥတုက အရင်ကထက်စာရင် ပိုပူလာတယ်။ ရေတွေလည်း ခန်းတာမြန်လာတယ်။ ခါတိုင်းဆိုရင် အရမ်းပူရင်တောင် ၃၀ ဒီဂရီဝန်းကျင်ပဲ ရှိတယ်။ ၂၀၂၀ လောက်က စပြီးတော့ အပူချိန် ပိုတိုးလာတာ၊ ပူလာပြီဆိုရင် ၃၄ ဒီဂရီအထက် ဖြစ်လာပြီ” လို့ သူက ဆိုပါတယ်။
ဒေသခံတွေဟာ မီးသွေးဖုတ် ထုတ်လုပ်တာကို နှစ်ကာလကြာချီ အကန့်အသတ်မဲ့ လုပ်ကိုင်ကြတာ အချိန်ကြာလာတာနဲ့အမျှ ဒေသတွင်းမှာ ရာသီဥတုဖောက်ပြန်တာ၊ မိုးခေါင်တာ၊ ရေရှားတာ၊ မိုးရေချိန်များလို့ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လာတယ်လို့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသူက ဆက်ပြောပါတယ်။
ဒေသခံများဟာ သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်တွေကို နားမလည်ဘဲ အလွန်အကျွံ သစ်တောသစ်ပင်တွေကို ခုတ်ယူကြလို့ ရာသီဥတု ဖောက်ပြန်လာပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပိုအခက်အခဲကြုံလာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ မျှဝေနေသူတဦးက ဆိုပါတယ်။
“တောင်တွေလည်း ကတုံးဖြစ်ကုန်ပြီ။ ပြီးတော့ မီးသွေးဖုတ်ယူပြီးတော့ ကျင်းတွေကို ကောင်းကောင်းပြန်လုပ်ခဲ့တာတွေ မရှိတော့ ကျွဲနွားတိရစ္ဆာန်တွေ ပြုတ်ကျသေတယ်။ လူတွေလည်း ပြုတ်ကျတာမျိုးရှိတယ်” လို့ အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူက ပြောပါတယ်။
သစ်တောပြုန်းလို့ အပူချိန်တိုးမြင့်တာ သိသာလာသလို လယ်စိုက်ပျိုးရာမှာလည်း ရေသွင်းစိုက်ဖို့ အခက်အခဲ ကြုံနေရတာ၊ စပါးရိတ်သိမ်းချိန်မှာလည်း မိုးရွာသွန်းတာတွေနဲ့ ကြုံရပြီး စပါးပင်တွေ ပျက်စီးတာ၊ လယ်စိုက်ပျိုးမရတော့တဲ့ လယ်ဧကရာချီ ရှိနေတာဖြစ်ပါတယ်။
ဒေသခံလယ်သမားတဦးက “ပြီးခဲ့တဲ့ ၂၀၁၇ လောက်က ကျနော်တို့ဆီမှာ မိုးသည်းထန်ပြီး ဗြုန်းဒိုင်း ရေကြီးလာတယ်။ တခါမှမကြုံဖူးဘူး။ ထွန်စက်တောင် မျောသွားတယ်။ အဲတုန်းက စပါးခင်းဧက ရာချီ ပျက်စီးသွားတယ်။ တချို့လယ်တွေဆို ရေသွင်းလို့ စိုက်ပျိုးလို့မရတော့ဘူး” လို့ ပြောပြပါတယ်။
ရေကြီးတာကို ကြုံခဲ့ရပြီးနောက်ပိုင်း လယ်ကွင်းဘေး ရေသွင်းတဲ့မြောင်းက နက်သွားသလို လယ်ကွက်က မြောင်းထက်မြင့်နေတာကြောင့် တချို့လယ်ကွက်တွေမှာ ကျောက်တုံးကျောက်ခဲတွေ သောင်တင်သွားလို့ ဘာမှ စိုက်ပျိုးမရတော့တဲ့ အခြေအနေနဲ့ တောင်သူတွေရင်ဆိုင်နေကြရပါတယ်။
မီးသွေးဖုတ် ထုတ်လုပ်တာတွေကို တားဆီးပိတ်ပင်နိုင်ဖို့ လက်ရှိအခြေအနေမှာလည်း စီးပွားရေး အကျပ်အတည်းကြောင့် မဖြစ်နိုင်သေးဘူးလို့ ဒေသရဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
“အာဏာပိုင်တွေကလည်း အခွန်ပဲကောက်စားတယ်။ လူထုကလည်း အသိပညာပေးတာကို လက်မခံတဲ့အပြင် ရန်မူတာတွေတောင်ရှိလို့ အသိပညာပေးဖို့ ခက်ခဲနေတယ်” လို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ဆိုပါတယ်။
ပညာပေးတာ တားမြစ်ဖို့ အခက်အခဲတွေရှိနေတဲ့ လက်ရှိကာလမှာ တရုတ်ဘက်ကို မီးသွေးကြားခံတင်ပို့ရာ လမ်းကြောင်းတခုဖြစ်တဲ့ မုံးပေါ်ဒေသ တခုတည်းမှာတင် တနေ့ကို မီးသွေးတင်လာတဲ့ ၁၂ ဘီးကား အနည်းဆုံး ၈ စီးခန့် ထွက်နေတာဖြစ်ပါတယ်။
မီးသွေးရောင်းဝယ်လုပ်ကိုင်သူ ကုန်သည်တဦးက “မုံးပေါ်ဒေသမှာ ၁ လကို တန်ရာချီ ထွက်တာပေါ့။ ဘယ်လောက်ပဲ မီးသွေးပြတ်ပြတ် လနဲ့ချီတွက်ရင်တော့ မီးသွေး တန်ထောင်ချီမှာ၊ ကားကြီးတစီး တစီးဆိုရင် တန် သုံးလေးဆယ် ရှိတာကော။ အဲဒါ တရက်စာ ထွက်တဲ့ကား၊ တခေါက်ပဲ ထွက်ကြသေးတာနော်။ လနဲ့ဆိုရင် ထောင်ချီ၊ သောင်းချီတောင် ထွက်မှာ” လို့ ဆိုပါတယ်။
တောတောင်တွေပြုန်းတီး ရာသီဥတုတွေ ဘယ်လောက်ပဲဖောက်ပြန်တာ ကြုံနေရပေမဲ့ ဒေသခံတွေက ရေတိုအတွက် ဝင်ငွေရလွယ်နေတဲ့ မီးသွေးဖုတ်လုပ်တာ၊ ဒေသရဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက လျစ်လျူရှုနေတာတွေဟာ မူဆယ်နယ်စပ် သဘာဝဝန်းကျင် ဂေဟစနစ်ကို အမြန်ပျက်စီးစေနိုင်လို့ ထိန်းချုပ်အရေးယူ ဆောင်ရွက်ပေးဖို့ ဒေသရဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်နေသူတွေက မျှော်လင့်နေကြပါတယ်။