တော်လှန်ရေးအကြောင်း ပြောကြတဲ့သူ အတော်များများကတော့ မှန်ကန်တဲ့လမ်းစဉ်နဲ့ မှန်ကန်တဲ့ဦးဆောင်မှု လိုအပ်ကြောင်း ပြောကြတာပဲ။ ပြောကြသမျှ ကြည့်လိုက်တော့လည်း ကိုယ့်လမ်းစဉ်ကသာ အမှန်ဆိုတာချည်းပဲ။ မှန်တဲ့လမ်းစဉ် ရပြန်တော့ ကိုယ် ဦးဆောင်မှသာ အနိုင်ရနိုင်သလိုတွေပဲ တွေ့နေရတယ်။ ဒီတော့လည်း လမ်းစဉ်တွေက တခု၊ နှစ်ခု၊ သုံးခုမက လေးငါးခုလောက် ဖြစ်လာတတ်တယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် အမျိုးသားရေးပြိုကွဲဖို့ နီးစပ်သွားပြီ။ သတိပြုပြီး ဆင်ခြင်ဖို့တော့ လိုတာပ။ အများအတွက်မို့ ကိုယ့်အတ္တမာနကို လျှော့ချတာဟာ သဘာဝကျပါတယ်။ ဖြစ်လည်းဖြစ်သင့်တာပဲ မဟုတ်လား။
သူ့ကျွန်ဘဝ ကိုလိုနီကာလ လွတ်မြောက်ဖို့ တော်လှန်ခဲ့စဉ်ကတော့ မှန်ကန်တဲ့လမ်းစဉ်နဲ့ မှန်ကန်တဲ့ဦးဆောင်မှု ရှိခဲ့တာကြောင့် အောင်မြင်ခဲ့တယ်လို့ ဆိုတယ်။ လွတ်လပ်ရေးလည်း ရလာခဲ့တယ်။ အဲဒီအချိန်က မှန်ကန်တဲ့လမ်းစဉ်သုံးရပ် ချခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါတွေက “၁။ လွတ်လပ်ရေး၊ ၂။ ဒီမိုကရေစီရေးနဲ့ ၃။ ဆိုရှယ်လစ်ရေး” တို့ ဖြစ်တယ်။ လွတ်လပ်ရေးရသည်အထိကတော့ မှန်ကန်တဲ့လမ်းစဉ်နဲ့ မှန်ကန်တဲ့ဦးဆောင်မှု ရှိခဲ့ဟန်ပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာပေါ့။ ဒါက အားလုံးတညီတညွတ်တည်း လက်ခံထားတဲ့ အယူအဆပဲ။
လွတ်လပ်ရေးရပြီးတော့ လမ်းစဉ်က နှစ်ခုသုံးခုဖြစ်လာပြီ။ ဖဆပလ၊ ဗကပ၊ ပြည်သူ့ရဲဘော်၊ အလံနီ၊ လူမျိုးစုအုပ်စု စသဖြင့် လမ်းစဉ်တွေများလာတယ်။ အဲ့ဒီမှာ တောကြောင်လက်ခမောင်းခတ်ဖို့ တောမီးရှို့ပေးသူတွေလည်း ပေါ်လာတယ်။ အမျိုးသားရေး ပြိုကွဲစပြုလာပြီ။ အဲ့ဒီမှာပဲ ဖက်ဆစ်သန္ဓေနဲ့ မွေးဖွားလာတဲ့ ဗမာ့တပ်မတော်က အာဏာသိမ်းယူဖို့ အခွင့်ကောင်းရသွားတယ်။ ၁၉၆၂ မှာတော့ နိုင်ငံတော်အာဏာကို ဗိုလ်နေဝင်း ဦးဆောင်တဲ့ တပ်မတော်က သိမ်းယူလိုက်တာ အားလုံးအသိပဲလေ။
မှန်ကန်တဲ့လမ်းစဉ်လို့ပြောရင် ‘ဘယ်လိုမှန်ကန်တာလဲ’ ဆိုတာက ပြဿနာတခု ဖြစ်လာတယ်။ ဗိုလ်နေဝင်းလည်း သူ့အာဏာသိမ်းယူနိုင်ရေးအတွက် မှန်တဲ့လမ်းစဉ်တရပ် ချခဲ့တာပဲ။ အားလုံးအတွက် မမှန်ပေမဲ့ သူ့အတွက်တော့ မှန်ခဲ့တယ်။ မှန်ကန်တဲ့ ဦးဆောင်မှုလည်း ပေးနိုင်ခဲ့တာပဲပေါ့။ သူ့ရဲ့ အခွင့်ထူးခံ စစ်တပ်လူတန်းစားအတွက် သူ့လမ်းစဉ်က မှန်ကန်တယ်လို့ ဆိုမလား။ မှန်ကန်တဲ့လမ်းစဉ်တရပ်ဆိုတာ မိမိကိုယ်စားပြုရာ လူတန်းစားတခုတည်းအတွက်ပဲ ကြည့်ပြီး ချမှတ်ရမှာလား။ လွတ်လပ်ရေးတိုက်ပွဲ အောင်မြင်ခဲ့တဲ့ မှန်ကန်တဲ့လမ်းစဉ်ဆိုတာ ပြည်သူအားလုံး တနိုင်ငံလုံးအတွက် တမျိုးသားလုံးအရေးကို ကြည့်ပြီး ချတဲ့လမ်းစဉ်မို့ အဲ့ဒါသာ တကယ့်မှန်ကန်တဲ့လမ်းစဉ်တရပ် ဖြစ်ခဲ့တာ။ သမိုင်းဟာ သင်ခန်းစာယူဖို့ ဆင်ခြင်စဉ်းစားနိုင်ဖို့ပါပဲ။
လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက ဗိုလ်နေဝင်းတို့ စစ်အုပ်စုဟာ စစ်တပ်ကို လူတန်းစားတရပ်အသွင် ဖော်ဆောင်ဖို့ အစဉ်တစိုက် ကြိုးစားခဲ့ကြတာ။ နောက်ဆုံးမတော့ ဗိုလ်အောင်ရွှေ (စစ်ဆိုရှယ်လစ်အုပ်စု) တို့ အာဏာသိမ်းဖို့လုပ်ရာက ၁၉၅၈ မှာ ဦးနုက ဗိုလ်နေဝင်းလက်ထဲ အာဏာအပ်လိုက်သည်အထိ ဖြစ်လာတယ်။ အဲ့ဒါဟာ လက်နက်အစုံအညီနဲ့ အစမ်းအာဏာသိမ်းတာပါပဲ။ စစ်တပ်အာဏာသိမ်းခြင်း အစပဲ။
ဒါနဲ့ပတ်သက်ပြီး ဗိုလ်ကြင်မောင်ရဲ့ သုံးသပ်ချက်နဲ့ သမိုင်းရေးအမြင်ကို ကြည့်သင့်တယ်။ ဗိုလ်ကြင်မောင်က သူ့ရဲ့ “မှန်ကန်တဲ့လမ်းစဉ်နဲ့ မှန်ကန်တဲ့ခေါင်းဆောင်မှုမရှိဘဲ မအောင်မြင်နိုင်ပါ” ဆိုတဲ့ ဆောင်းပါးမှာ “၁၉၅၈ ခုနှစ်က ဦးနုကို အကြပ်ကိုင်ပြီး အာဏာရယူခဲ့သော ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့သည် စစ်ရုံးချုပ်မှလူများ ဖြစ်သည်။ သူတို့ပြောတာက ‘ရှေ့တန်းမှာ ဗကပ အပြုတ်တိုက်ချေမှုန်းရေး လုပ်နေကြတဲ့ တပ်တွေက ဦးနု မြေပေါ်ကွန်မြူနစ်ပါတီ (ပမညတ) နဲ့ပေါင်းပြီး အာဏာယူထားတာကို မကျေနပ်ဘူး။’ (++++++++) အဲ့ဒီလို ခြောက်လှန့်ပြီး ဦးနုဆီက အာဏာတောင်းခဲ့တာ ဖြစ်တယ်” လို့ ဖော်ပြခဲ့တယ်။
အဲ့လို အာဏာသိမ်းပွဲပြီးတာနဲ့ ဗိုလ်နေဝင်းတို့ စစ်အုပ်စုဟာ စစ်တပ်ဟာ နိုင်ငံရေးမှာ ပါဝင်လာနိုင်ရေးကို တရားဝင်နီးပါးဖြစ်အောင် ရယူဖို့ ပြင်ဆင်လာတယ်။ စစ်တပ်ကို နိုင်ငံရေးထဲ ပါဝင်နိုင်ဖို့ စတင်လုပ်ဆောင်လာတာက အိမ်စောင့်အစိုးရလက်ထက်က စတာပဲ။ စစ်တပ်ရဲ့ လုပ်ငန်းစဉ်အဖြစ် ‘နိုင်ငံတော်’ ဆိုတဲ့ စကားလုံးကို အကာအကွယ်ယူပြီး ‘နိုင်ငံတော်ဝါဒနှင့် တပ်မတော်လုပ်ငန်းစဉ်’ ဆိုတာကို ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့ တပ်မှူးကြီးတွေနဲ့ ချမှတ်ခဲ့တာ။ ဗိုလ်အောင်ရွှေလည်း ပါတာပေါ့။ အဲ့ဒီ ကာလလရဲ့ တပ်မှူး၊ တပ်သား အားလုံးဟာ သမိုင်းတရားခံတွေ၊ စစ်တရားခံတွေပဲ ဖြစ်တယ်။ မြန်မာနိုင်ငံ ခေတ်နောက်ကျ မွဲပြာကျရခြင်းရဲ့ တရားခံတွေပဲ။
၁၉၅၈ ခုနှစ် အောက်တိုဘာလထဲမှာ မြန်မာပြည်အနှံ့အပြား ရောက်နေတဲ့ တပ်မတော် တပ်မှူးကြီးတွေကို မိတ္ထီလာမှာ စုဝေးစေပြီး ‘ပထမဦးဆုံးအကြိမ် တပ်မတော်ရဲ့ ကိုယ်ပိုင်မူဝါဒ’ ဆိုပြီး ချမှတ်ခဲ့တာ။ “The National Ideology and the role of the Defence Services” လို့ရေးထားပြီး ဗိုလ်ချုပ်မောင်မောင်က ဖတ်ကြားခဲ့တာ။ ဒါက မူရင်းစာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးထားတာ။ နောက်တော့ the Role ဆိုတာကို ဖြုတ်ပြီး “The National Ideology of the Defence Services” လို့ ပြောင်းလဲလိုက်တယ်။ အဲ့ဒီအယူအဆအရ “တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးအပြင် တိုင်းပြည်ရဲ့ လူမှုရေးနဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုအခန်းကဏ္ဍများတွင် ပါဝင်လှုပ်ရှားရမည်” လို့ ပါရှိတယ်။ ဒါဟာ စစ်တပ်ဟာ နိုင်ငံရေးအာဏာရယူနိုင်ဖို့ ပထမဆုံး ပြင်ဆင်လိုက်တဲ့ ခြေလှမ်းပဲ။
စစ်တပ်နဲ့မဆိုင်တဲ့ အလုပ်တာဝန်ပဲ။ ‘ပါးချပ်’ဆိုတာ မြင်းနဲ့ပဲဆိုင်တာမဟုတ်လား။ အဲ့ဒီအချိန်က ရှိခဲ့ကြတဲ့ ဦးနု၊ ဦးကျော်ငြိမ်းတို့ အပါအဝင် နိုင်ငံရေးသမား အတော်များများဟာ တပ်မတော်ရဲ့ အဲ့ဒီမူဝါဒအပေါ်မှာ မကန့်ကွက်နိုင်ခဲ့ကြဘူး။ စစ်တပ်နဲ့ နိုင်ငံရေးဖွံ့ဖြိုးမှုဟာ ဘယ်လိုမှ မအပ်စပ်တဲ့ကိစ္စရပ်ဆိုတာ သိသိကြီးနဲ့ အသာမှိန်းနေခဲ့ကြတာ။ ဆိုရှယ်လစ်အုပ်စုကတော့ ‘စစ်တပ်ကို ကိုယ်ပိုင်တပ်အသွင် ပြောင်းလဲချင်တဲ့စိတ်’ က လွှမ်းမိုးနေကြဟန်ပါပဲ။
အချက်တခုကို ထောက်ပြရရင် ဦးကျော်ငြိမ်းတို့ရဲ့ ဆိုရှယ်လစ်အုပ်စုက “ဆိုရှယ်လစ်ပါတီ၏ နိုင်ငံတော်ပုံရိပ်မှာ ဦးစီးဦးဆောင်မှု အခန်းကဏ္ဍတွင် အရပ်ဘက်ခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်သည်။ နိုင်ငံတော်အတွက် တပ်မတော်အင်အားကို တိုးချဲ့ရန်ဖြစ်သည်။ ဆိုရှယ်လစ်တပါတီတည်း ဦးဆောင်မှုကို ရယူရန်မဟုတ်ပါ” လို့ဆိုပြီး စစ်တပ်ကိုစည်းရုံးခဲ့တာ အထင်အရှားပဲ။ ဖဆပလ နှစ် ၄၀ အာဏာတည်မြဲရေးအတွက် စစ်တပ်ကို ကိုယ်ပိုင်တပ်လုပ်ဖို့ ကြိုးစားခဲ့တဲ့ အချက်ပါပဲ။ ဆိုရှယ်လစ်အုပ်စုမှာ တာဝန်ရှိခဲ့တာပေါ့။ အဲ့ဒီလိုနဲ့ ၂၀၀၈ ခြေဥပေါ်လာတော့ အချက် (၆-စ) ဟာ တရားဝင် အခြေခံဥပဒေထဲအထိ ရောက်လာခဲ့တော့တာပဲ။
မှန်ကန်တဲ့လမ်းစဉ်ဆိုတာ ပါးစပ်ကပြောတော့ လွယ်တယ်။ ဘယ်စံအပေါ်က မှန်ကန်တဲ့ လမ်းစဉ်လဲဆိုတာ အသေအချာ စဉ်းစားဖို့တော့လိုတယ်။ လက်ဝဲအုပ်စုအတွက်ကတော့ ‘လူတန်းစားအမြင်ပေါ်က မှန်ကန်တဲ့လမ်းစဉ်’ ပဲ ဖြစ်မှာပါ။ တကယ်တော့ မှန်ကန်တဲ့လမ်းစဉ်ဆိုတာ တနိုင်ငံလုံး တမျိုးသားလုံးအနေနဲ့ ကြည့်နိုင်မှသာ မှန်ကန်တဲ့လမ်းစဉ်ဆိုတာကို ချမှတ်နိုင်မှာဖြစ်တယ်။
မှန်ကန်တဲ့ဦးဆောင်မှု တနည်း မှန်ကန်တဲ့ခေါင်းဆောင်မှုဆိုတာ ကြတော့လည်း ပြဿနာက ရှိနေပြန်ရော။ အဖွဲ့အစည်း အတော်များများက ခေါင်းဆောင်မှုနေရာ လိုချင်တာကလည်း ပြဿနာတခု။ သမိုင်းတင်ကျန်ရစ်ချင်တဲ့ ဗမာစိတ်က ရှိပေသကိုး။ သမိုင်းလက်ဦးမှု လိုချင်တာကလည်း အကြောင်းချက်တခုဖြစ်မှာပါ။ ကိုယ့်စွမ်းဆောင်ရည်က ဘယ်လောက်ရှိသလဲ။ ကိုယ့်စည်းရုံးရေးအားလည်း ကိုယ်မသိ။ သင့်၏ မသင့်၏ထက် နေရာရယူလိုစိတ်သာ ရှိတတ်ပေသကိုး။ ဒါလည်း ကိုယ့်မှာရှိတဲ့ စွမ်းဆောင်ရည်ထက် ပိုတွက်တတ်တဲ့ တော်လှန်ရေးသဘာဝထင်ပါရဲ့။
အဲ့ဒီလိုစိတ်ဓာတ်နဲ့တော့ ‘တော်လှန်ရေးမှန်ကန်တဲ့မူဝါဒနဲ့ မှန်ကန်တဲ့ခေါင်းဆောင်မှု’ တော့ မရနိုင်ဘူး။ တကယ်တမ်း မှန်ကန်တဲ့ မူဝါဒလမ်းစဉ် ချမယ်ဆိုရင် တတိုင်းပြည်လုံး အမျိုးသားရေးဆန္ဒက ဘာလဲ။ အမျိုးသားရေးလိုအပ်ချက်က ဘာလဲ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒနဲ့ ဦးတည်ချက်တွေက ဘာတွေဖြစ်မလဲ ဆိုတာတွေအပေါ်မှာ အခြေခံ စဉ်းစားကြရမှာပါ။
လက်ရှိ နွေဦးတော်လှန်ရေးအတွက် တမျိုးသားလုံး လိုအပ်ချက်နဲ့ ပြည်သူတရပ်လုံးအတွက် မှန်ကန်တဲ့လမ်းစဉ်အဖြစ် ၁။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ၂။ ဒီမိုကရေစီရေးနဲ့ ၃။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ပဲဖြစ်တယ်။ ဒီအချက်သုံးချက်ကို တိုင်းရင်းသား လူမျိုးစုတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ စစ်အာဏာရှင်ကို အမြဲမပြတ် ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်တွင်းပြည်ပရောက် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ၊ လက်ဝဲလက်ယာ အင်အားစုတွေအားလုံး လက်ခံနိုင်မယ့် မှန်ကန်တဲ့လမ်းစဉ်အဖြစ် ရှုမြင်နိုင်တယ်။
ဒါနဲ့ပတ်သက်ပြီး ဗိုလ်ကြင်မောင် ပြောတာလေးက မှတ်သားစရာပါ။ “ဗကပ,က (၁၉၈၀) အထိ ‘ပြည်သူ့ဒီမိုကရေစီ’ ဟုပြောသည်။ နောက်တော့ ‘ပါတီစုံဒီမိုကရေစီ’ ကို ဆော်ဩသည်။ လွတ်လပ်ရေးတိုက်ပွဲ ‘ယေဘုယျလမ်းညွှန်ချက်’ ကို ပယ်လိုက်တာမဟုတ်။ ဒီမိုကရေစီအဆင့်တွင် အဆင့်ခွဲရှိရမည်ဟု (ပြီးခဲ့တဲ့အတွေ့အကြုံများအရ) မြင်သဖြင့် အဆင့်ခွဲတခု တိုးလိုက်တာဖြစ်သည်။ ဗကပရပ်ခံနေသည့် ‘ဒီမိုကရေစီ’ သည် စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ အကုန်အစင်ဖျက်သိမ်းရေး အရင်းအမြစ်ကနေ ပြောင်းလဲရေး ရယ်ဒီကယ် (Radical) လမ်းစဉ်ဖြစ်သည်။” လို့ ဆိုပါတယ်။ ဒါဟာ သူ့ရဲ့ ပြည်သူ့တော်လှန်ရေးအပေါ် ချမှတ်ထားတဲ့ နည်းပရိယာယ်ပိုင်းလည်း ဖြစ်တယ်။
ဒါကြောင့် ဒီနေ့ နွေဦးတော်လှန်ရေးရဲ့ ဖော်ပြပါ မှန်ကန်တဲ့လမ်းစဉ်သုံးရပ်ဖြစ်တဲ့ ၁။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ၂။ ဒီမိုကရေစီရေးနဲ့ ၃။ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့အပေါ် အခြေခံပြီး တညီတညွတ်တည်း စုပေါင်းဦးဆောင်မှုပေးနိုင်တဲ့ အမိန့်တခုအောက်ကနေ ပူးပေါင်းပါဝင် တွန်းလှန်နိုင်ကြပါစေကြောင်း ဆန္ဒပြု တင်ပြလိုက်ရပါတယ်။
ဂန္ထဝင်မောင်ထူး