တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီး မိုင်းဆွဲခံရတာကြောင့် ကားတစီးပျက်စီးကာ ဘုန်းတော်ကြီးတပါး ပျံလွန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၀ နာရီလောက်က ကဒဲရွာအနီးရှိ ရေကျော်ထန်းပင်တန်းမှာ ကားနှစ်စီးအနက် သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းကကား မိုင်းဆွဲခံခဲ့ရတာလို့ ဆိုပါတယ်။
ကားမိုင်းဆွဲခံရလို့ ဦးဇင်း ဦးဇနက္က ပျံလွန်တော်မူသွားပြီး ထိခိုက်ဒဏ်ရာရသူတွေကို ပလဆေးရုံ တင်ထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ယောဂီ ၂ ယောက် ထိခိုက်ပြီး မစိုးရိမ်ဘူးလို့ သိရပါတယ်။ ကားက ဘယ်မြို့ကဆိုတာတော့ မသိသေးဘူး။ ကားမှာ ကမ္ပည်းထိုးထားတာ ၁ မိုင်ပါတယ်ဆိုတော့ ကော့သောင်းက ဖြစ်ဖို့များတယ်။”
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က ဘာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတလျှောက် နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာကြောင့် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို ပြည်သူတွေ အသုံးမပြုကြဖို့ PDF မြိတ်ခရိုင်တပ်ရင်း-၁ က နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အရင်က အဲဒီနေရာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ PDF တို့ မကြာခဏ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလေ့ရှိပါတယ်။