စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အီနာဂါအမျိုးအစား လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာလို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ပြောပါတယ်။
“ဘဏ်အစောင့် စ(--)တပ်သား ၇ ဦးရှိတဲ့နေရာကို ဗုံးနဲ့ပစ်ခဲ့နိုင်တယ်။ ၅ ဦးသေတယ်၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းပြန်ရထားတယ်ဗျ။ ကျနော်တို့ ပစ်ပြီး သိပ်မကြာဘူး၊ ဘဏ်နားမှာရှိတဲ့ စာသင်ကျောင်းထဲက စစ်သားတွေကတော့ ရမ်းပြီး သေနတ်တွေဖောက်တာရှိတယ်။ ကျနော်တို့ကတော့ လက်ပစ်ဗုံးနဲ့ပစ်ပြီး ပြေးရတာဆိုတော့ အထိအခိုက်လည်း မရှိခဲ့ဘူး။ မြို့ထဲဆိုတော့ စ(--)တွေကလည်း များတော့ လက်နက်တွေတော့ မကောက်နိုင်ခဲ့ဘူး။ စ(--) ရုပ်အလောင်းတွေကိုတော့ လူနာတင်ကားတွေနဲ့ လာသယ်သွားတယ်။”
အဲဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ မြင်းခြံ တပ်ရင်း-၇ နဲ့ True Fighter တပ်ဖွဲ့ တပ်ခွဲ-၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က သေဆုံးတာနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ကို အောက်တိုဘာ ၂၈ ရက်က တကြိမ်၊ နိုဝင်ဘာ ၁၂ ရက်က တကြိမ်၊ နိုဝင်ဘာ ၂၂ ရက်က တကြိမ် ပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က အကျအဆုံးတွေ ရှိတယ်လို့ မြင်းမူဒေသခံတွေဆီက သိရပါတယ်။