မကွေးတိုင်း ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများပြားကာ ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပေါက်မြို့နယ် ကျွန်းတိုင်းရွာအထွက်မှာ မနေ့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီ ၁၅ မိနစ်အထိ တကြိမ်၊ ဂွေဂုဏ်ရွာနဲ့ စသိန်းရွာကြားမှာ မနက် ၁၁ နာရီ ၃၅ မိနစ်ကနေ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အထိတကြိမ်၊ စသိန်းရွာမြောက်ဘက်မှာ ညနေ ၃ နာရီကနေ ၄ နာရီခွဲအထိ တကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၁၁ ယောက်လောက်သေဆုံးကာ ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲကို PKU-မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မြွေပွေးပြောက်ကျားတပ်ဖွဲ့၊ တိမ်လွှာမုတ်ဆိတ် အဖွဲ့နဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ အတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ညနေ ၅ နာရီ ၁၈ မိနစ်မှာ ဂွေးဂုဏ်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ည ၉နာရီလောက်မှာ စသိန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
ဂွေးဂုဏ်ကျေးရွာခံတယောက်က “စစ်ကောင်စီတပ်တွေ စစ်ကြောင်းစထိုးကတည်းက ရွာသူရွာသားတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာဖြစ်ပြီး ရွာကို မီးရှို့ဖျက်ဆီးနေတာကိုတော့ အဝေးကနေ လှမ်းမြင်နေရတယ်။ စစ်(...)စစ်ကြောင်းရှိနေသေးတော့ အိမ်ခြေ ဘယ်လောက်မီးလောင်ကျွမ်းတယ်ဆိုတာ မသိရသေးဘူး။ သူတို့ စစ်ကြောင်းပြန်ထွက်တော့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အကူညီတောင်းပြီး မီးငြိမ်းသတ်တာတွေ အိမ်ခြေစာရင်း ကောက်တာတွေ ပြုလုပ်ရမှာ” လို့ ပြောပါတယ်။
စသိန်းကျေးရွာကိုတော့ စစ်ကောင်စီတပ်က မနေ့က ည ၉ နာရီလောက်ကတည်းက မီးရှို့တာ ဒီနေ့ အထိ မီးက လောင်နေဆဲဖြစ်တာကြောင့် နေအိမ် အတော်များများ ဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ အိမ်ခြေ ၂၄၀ လောက်ရှိတဲ့ ကျွန်းတိုင်းကျေးရွာကိုလည်း နိုဝင်ဘာ ၂၀ ကနေ ၂၂ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။