နွေဦးတော်လှန်ရေးမှာ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ အရေးကြီးသလားဆိုတဲ့ ခေါင်းစဥ်ကို လက်ရှိ တော်လှန်ရေးကာလအတွင်း တည်ဆောက်ရေး၊ အနာဂတ်ကာလ တည်ဆောက်ရေးနဲ့ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုဆိုတဲ့ အပိုင်း ၄ ပိုင်းကို အခြေခံစဥ်းစားပြီး ဆောင်းပါးရှင်အနေနဲ့ ဆွေးနွေးတင်ပြပါရစေ။
အရင်ဆုံး ကျနော်တို့ တော်လှန်ရေးကိုယ်တိုင်က လက်စားချေရေးသက်သက်မဟုတ်ဘဲ အနာဂတ် ရည်မှန်းချက်တွေ ဒုနဲ့ဒေးရှိကြောင်း ဦးစွာသတိရစေလိုပါတယ်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စုကြောင့် ပြည်သူတွေရဲ့ မလုံမခြုံဖြစ်မှု၊ မသေမချာ စိုးရိမ်နေရမှုတွေက သက်သေပြစရာမလိုတော့တဲ့ အများသိကိစ္စဖြစ်လာပြီ။ ရက်စက်ကြမ်းကြုတ်တယ်၊ လှည့်ဖျားကောက်ကျစ်တယ်၊ ကိုယ်ကျိုးရှာတယ်၊ အများပြည်သူကို ရှေးမရှုဘူး စတဲ့ စစ်အုပ်စုရဲ့ အရင်ကရော အခုထက်ထိတိုင် လက္ခဏာတွေပဲ။
ဒီကနေ ဆက်စဉ်းစားကြရင် တော်လှန်ရေးအနှစ်သာရက ရန်သူဖက်ဆစ်စစ်အုပ်စုနဲ့ ဆန့်ကျင်ဘက် တရားမျှတမှုကို လက်ကိုင်ထားခြင်းဖြစ်မှန်း သိသာလာတယ်။ ဥပမာ ဖက်ဆစ်စစ်အုပ်စုက စစ်ပွဲမှာ သုံ့ပန်းကို လွယ်လွယ်ပဲသတ်ဖြတ်တယ်၊ သွေးအေးအေးနှိပ်စက်တယ် ဆိုတဲ့အချိန် တဖက်မှာ လက်နက်ကိုင်တော်လှန်ရေးဘက်ကတော့ ဆန့်ကျင်ဘက်ပြုမူပြီး စောင့်ရှောက်ထိန်းသိမ်းထားမယ် ဆိုတာမျိုး။ ဒီလိုဆိုရင် တော်လှန်ရေးရဲ့ ဂုဏ်သတင်းနဲ့ နိုင်ငံတကာထောက်ခံအားပေးမှု ပိုလာဖို့ အခုအခြေအနေထက်ပို တရားဝင်ခိုင်လုံတဲ့အကြောင်း ဖြစ်လာစရာရှိမယ်။ ဒါဟာ အနိမ့်ဆုံး မျှော်မှန်းထားတဲ့ ကောင်းကျိုးတခုသက်သက်သာ ဖြစ်သေးတယ်။ (ဒလန်ရှင်းလင်းရေးကိစ္စက နွေဦးတော်လှန်ရေးနဲ့ လူ့အခွင့်အရေးအကြောင်းဆွေးနွေးရင် လူပြောများတာ သတိထားမိတယ်။ အဲ့အတွက် စဥ်းစားချက်တွေကို ဒီဆောင်းပါးမှာ မဆွေးနွေးသေးပါဘူး။)
နောက် ဒီနေရာမှာ ‘တရားဝင်ခိုင်လုံမှု’ နဲ့ ဆက်စပ်နေလို့ ဖက်ဒရယ် ဥပဒေကျောင်း တည်ထောင်သူ၊ ကျောင်းအုပ်နဲ့ လူ့အခွင့်အရေးရှေ့နေ ဆရာဦးအောင်ထူးရဲ့ လူမှုကွန်ရက်ပေါ် တင်ပြချက်တွေထဲက တခုကို ထောက်ခံဆွေးနွေးတဲ့သဘောနဲ့ အောက်ပါအတိုင်း အယူအဆကိုးကားပြီး ဖော်ပြရလိမ့်မယ်။
စစ်အုပ်စုက ခိုင်ခိုင်မာမာချထားတဲ့ ဥပဒေရှိမှုရဲ့ အားသာချက်ကို နားလည်လို့ ဥပဒေမူဘောင်တွေကို လူ့အခွင့်အရေး စံနှုန်းတွေနဲ့တောင် မညီဘဲ သူတို့စိတ်ကြိုက် ဆောင်ရွက်နိုင်အောင် ကြိုးစားနေတဲ့ အခိုက်၊ တဖက်မှာ စင်ပြိုင်တော်လှန်ရေးအစိုးရအဖွဲ့က သက်ဆိုင်ရာ မဟာမိတ် လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ အနှစ်သာရအရကို ညီညွတ်နေစေမယ့် အခြေခံဥပဒေမျိုးကို စုစည်းရင်း ရေးဆွဲသလို ရေးဆွဲရင်းပါ စုစည်းသွားနိုင်ရင် တချက်တည်းခုတ်ပြီး အချက်များစွာ ဖြတ်သွားနိုင်မယ်။ ဆိုလိုတာ ခက်နေတာတွေ အများကြီးကိုပေါ့။ ဒါကြောင့်လည်း ဆရာဦးအောင်ထူးက သော့ချက်လို့ တင်စားခေါ်ဝေါ်ထားတာ ဖြစ်ပါမယ်။
တော်လှန်ရေးမှာ အခြေခံဥပဒေလိုအပ်ပါ့မလား၊ အပိုအလုပ်ဖြစ်နေမလားဆိုတဲ့ အယူအဆတွေအတွက် ကြိုးစားဖြေကြည့်ရရင် သမိုင်းမှာ မရှိခဲ့ဘူးတဲ့ ညီညွတ်မှုနဲ့အတူ ဖက်ဒရယ်ဒီမိုကရက်တစ် နိုင်ငံတခုကို ထူထောင်ဖို့ ရည်မှန်းတာဖြစ်လို့ ခိုင်မာတဲ့ ဥပဒေအုတ်မြစ်ချမှုကို လိုအပ်ပါတယ်။ မဟာမိတ်သက်သက် စုစည်းတာထက် ဖွဲ့စည်းပုံအရကို စုဖွဲ့လိုက်နိုင်ရင် တရားဝင်မှု ယှဥ်ပြိုင်ရာမှာ အများကြီး ကောင်းလာစေမှာပါ။ ဒီလိုအခြေခံဥပဒေထဲမှာလည်း လူ့အခွင့်အရေးကို အမှန်တကယ် အာမခံ ထည့်သွင်းနိုင်ခဲ့ရင် လူ့အခွင့်အရေးရဲ့ တရားမျှတမှုအရ တရားဝင်မှုဟာ အနှေးနဲ့အမြန် တနွယ်ငင်တစင်ပါ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
နောက်ပြီး စစ်အုပ်စုရဲ့ လူမှုကွန်ရက်တွေမှာ ဝါဒဖြန့်တဲ့၊ သတင်းမှားဖြန့်တဲ့ လုပ်ရပ်တွေကို သတိထားကြည့်စေလိုတယ်။ သူတို့တတွေက တော်လှန်ရေးဘက်ကို လူ့အခွင့်အရေး လေးစားလိုက်နာမှုနဲ့ ဆန့်ကျင်ဘက်သရုပ်ဖြစ်တဲ့ အကြမ်းဖက်သမားတွေအဖြစ် ပုံမှားရိုက်လေ့ရှိတာကို မြင်ရလိမ့်မယ်။ ပြည်တွင်းမှာ အများစုပြောနေတဲ့ ဓမ္မနဲ့ အဓမ္မဆိုတဲ့ အမြင်မျိုးကို သွေဖည်ပြီး ရန်ဘက်နှစ်ဖွဲ့ မကျေလည်မှုသာသာ လျှော့ချပုံဖော်ချင်နေတာကို သတိထားမိပါလိမ့်မယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဘက်တော်သားလို့ ခံယူသူတိုင်းကို ဒီနေရာကနေ ပြောပြလိုတာက ရန်သူက လက်တွေ့ပေးထားချက်ကို နားလည်တယ်ဆိုတာပဲ။ တော်လှန်ရေးရဲ့ ဂုဏ်သတင်းနဲ့ အကြောင်းအရာခိုင်လုံမှုက အရေးကြီးမှန်း သူတို့ကိုယ်တိုင်ကပဲ ပြသနေတယ်။ ဒီလိုဆို တော်လှန်ရေးသမားတွေကိုယ်တိုင် လူ့အခွင့်အရေးစံတန်ဖိုးတွေကို သဘောတရားအရ ကျေကျေညက်ညက် နားလည်ဖို့လိုလာပြီ။ ဆက်စဉ်းစားတော့ ဦးဆောင်အစုအဖွဲ့တွေရဲ့ ထိန်းကျောင်းပဲ့နှင်နိုင်မှုအပေါ် မူတည်နေပါတယ်။ တပ်ဦးလို့ ခံယူထားသူတွေရဲ့ လူ့အခွင့်အရေးတန်ဖိုးတွေကို အမှန်တကယ်အခြေခံတဲ့ နိုင်ငံရေးဦးဆောင်မှုကို ဆိုလိုတာပါ။ ဒီနေရာမှာ ထပ်မြင်နိုင်တာက တော်လှန်ရေးကာလအတွင်း တည်ဆောက်ရေးဟာ လက်ရှိတော်လှန်ရေးကိုလည်း ပိုရှေ့ရောက်စေနိုင်တဲ့ သက်ရောက်မှုမျိုးလည်း ရနိုင်မယ်ဆိုတာပါပဲ။
လူ့အခွင့်အရေးကို လက်တွေ့တော်လှန်ရေးမှာလည်း ကျင့်သုံးသလို တရားဝင်အကြောင်းအရ ဖွဲ့စည်းတဲ့ နိုင်ငံတခုလည်း ဖြစ်စေမယ့် အခြေခံဥပဒေလို အရာမျိုးမှာပါ ဖော်ဆောင်နိုင်ရင် ဒါဟာ ကျနော်တို့တတွေ မျှော်မှန်းတဲ့ လူ့အခွင့်အရေးအာမခံချက် ကောင်းကောင်းရှိမယ့် ဖက်ဒရယ်ဒီမိုကရက်တစ် တိုင်းပြည်အတွက် သိပ်ကောင်းတဲ့ အခြေခံလည်း ဖြစ်နှင့်ပြီဆိုရမယ်။ နောက်ပြီး တပ်ဦးကနေမယ့် တော်လှန်ရေးအစိုးရကိုယ်တိုင်က သူ့အဖွဲ့ဝင်တွေ အပါအဝင် လုပ်သားပြည်သူတွေကိုပါ လူ့အခွင့်အရေးအကြောင်းအရာတွေကို စနစ်တကျ အသိပညာ ဖြန့်ဝေသလိုလည်း ဖြစ်လာနိုင်ပါမယ်။
ပြည်တွင်းနိုင်ငံရေး အခြေအနေတွေက နိုင်ငံတကာနိုင်ငံရေးနဲ့ မကင်းလွတ်နေတာကို ကျနော်တို့ သမိုင်းအရရော အတွေ့အကြုံတွေအရရော အများက နားလည်လက်ခံထားကြပြီး ဖြစ်ကြတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်း ပေါ်ထွက်ပြီးနောက်ပိုင်း စံနှုန်းတွေ၊ ဥပဒေသတွေနဲ့ ကမ္ဘာ့နိုင်ငံတွေအကြား ထိန်းကြောင်းကြတဲ့ လုပ်ငန်းစဉ်တွေလည်း အခုဆို နှစ် ၇၀ သက်တမ်းတောင် ကျော်လာပြီ။ ဒီတင်မကဘဲ ပြည်တွင်း၊ ပြည်ပ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာတဲ့ လွတ်လပ်သော အဖွဲ့အစည်းများစွာလည်း ရှိလာကြတယ်။ အဲဒါတွေကနေတဆင့် အာဏာသိမ်းထားတဲ့ ဖက်ဆစ်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူ့အကြင်နာတရား ကင်းမဲ့မှုတွေကို မှတ်တမ်းမှတ်ရာ ပြုစုထားနိုင်ပြီး တချိန်မှာ ပြည်တွင်းအရရော ပြည်ပအရပါ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ပြောရင်လည်း မှားစရာမရှိဘူး။ ဆိုလိုတာ ကိုယ်ကိုယ်တိုင်ဘက်က လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး လူ့အခွင့်အရေး ကာကွယ်သူများအဖြစ်လည်း တတ်နိုင်သရွေ့ ပြုမူထားနိုင်မှ တော်လှန်ရေးကာလအလွန်မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို ရှေ့နောက်ညီညီ ဖော်ဆောင်နိုင်မှာလည်း ဖြစ်တယ်။
အုမ်းမောင်