ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာမှာ မိုင်းပေါက်ကွဲပြီးနောက် စစ်တပ်နဲ့ ပြည်သူ့စစ် အဖွဲ့ ပေါင်းကာ ဒေသခံအချို့ကို လိုက်လံဖမ်းဆီးခဲ့တယ်လို့ ရှဒူးဇွပ်ရွာသားတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ရှဒူးဇွပ်ရွာက မိုးကောင်းချောင်းတံတားအနီးမှာ မိုင်းပေါက်ကွဲအပြီး စစ်တပ် နဲ့ ပြည်သူ့စစ်အဖွဲ့က နေအိမ်တွေကို လိုက်လံရှာဖွေကာ ဒေသခံ တချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မိုင်းက နှစ်လုံးပေါက်တာ။ မိုင်းပေါက်ပြီးတော့ တံတားနားက အိမ်တွေကို ရှာတယ်။ ၅ ဦးလောက် ဖမ်းခံရတယ်။ ၃ ဦး ပြန်လွှတ်ပြီး ၂ ဦးကတော့ ဒီနေ့ထိ ဖမ်းထားတယ်။”
မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒေသခံ ၃ ယောက်ကို ပြန်လွှတ်ခဲ့ပေမဲ့ ဦးခရမ်ခါးဂျာနဲ့ ဦးမရန်လ ကို စံပြပြည်သူ့စစ်စခန်းမှာ ဖမ်းဆီးစစ်ဆေးတယ်လို့ သိရပါတယ်။
ဒေသခံတချို့ကို မင်းဇင်သန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်တပ်နဲ့ ပူးပေါင်းကာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ရှဒူးဇွပ်၊ စံပြနဲ့ အောင်ရာကျေးရွာတွေဟာ ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုမှာ ပါဝင်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁,၇၀၀ ကျော်ရှိပြီး လူဦးရေ ၁၂,၀၀၀ ကျော် နေထိုင်ပါတယ်။