စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ ခြေလျင်စစ်ကြောင်းကို တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၃)က ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တမူး PDFတပ်ရင်း (၃ ) က သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက်၊ ညနေပိုင်းက ထင်းဇင်ရွာနဲ့ ကမ္မကြီးရွာကြားမှာ ပဒေသာမိုင်း ၁၁ လုံးနဲ့ မိုင်းဆွဲ တိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီး ထင်းဇင်ရွာမှ နေအိမ် ၅ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးသွားတယ်လို့ တပ်ရင်း (၃ ) တာဝန်ရှိသူက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ အလောင်းတွေကို ထင်းဇင်ရွာနဲ့ ကမ္မကြီးရွာကြားမှာ ညတွင်းချင်း သင်္ဂြိုဟ်ပြီး ဒီမနက်အစောပိုင်းမှာ ကလေးမြို့ကို ဆက်လက် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
တမူးခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တမူး၊ ခမ်းပတ်၊ ကလေး အာရှလမ်းမကို အရေးပေါ်ကျန်းမာရေး ကိစ္စက လွဲပြီး သွားလာတာ မလုပ်ဖို့ ကာကွယ်ရေးတပ်ဖွဲတွေက တားမြစ်ထားပြီး တပတ်အကြာမှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာလည်း ကင်းပုန်းစောင့်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဗိုလ်တောက်ထွန်း - ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီလောက်က မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်းမှ ကင်းပုန်းစောင့်ဖို့ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ကျောက်ရစ်နဲ့ သရက်သာကျေးရွာကြားမှာ ပဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၂ ဦးနေရာမှာတင်သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
"ကျောက်ရစ်စခန်းကနေ ရွာတွေဘက်ကို ညပိုင်းစစ်ကြောင်းထိုးတာတွေ အမြဲလုပ်လေ့ရှိတယ်။ ကံဆိုးချင်တော့ အဲ့ဒီနေ့မှာ ဒီကောင်တွေက မိုင်းကွင်းထဲကင်းပုန်းလာဝပ်တာကို တိုက်ခိုက်ခဲ့တာ " လို့ ဗိုလ်တောက်ထွန်း - ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်သား ၃ ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့က ချင်းတွင်းမြစ်ကြောင်းဘေးရှိ ကျောက်တန်းကျေးရွာကို ညတွင်းချင်းပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း မြောင်မြို့နယ် ကျောက်ရစ်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က RPG နဲ့ ပစ်ခတ်ခဲ့တာကြောင့် စခန်းဝင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦး အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။