ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံလေတပ်စခန်း ဝန်ထမ်းအိမ်ရာ လိုင်းခန်း လုံခြုံရေးဂိတ်နဲ့ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းမှာ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လေတပ်လိုင်းခန်း လုံခြုံရေးဂိတ်ရှေ့မှာ မနေ့ည ၈ နာရီက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးတချို့ရှိခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"သိရသလောက်တော့ လူထိခိုက်မှု မရှိဘူး ဂိတ်တံခါးပျက်စီးသွားတယ်လို့ပြောတယ်။ စစ်တပ်က ဗုံးတွေရှိမှာစိုးလို့ ရှာသေးတယ် မတွေ့ဘူး"လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဝန်ထမ်းလိုင်းခန်းနေရာအနှံ့မှာ ဗုံးလက်ကျန်ရှိမရှိ ထပ်မံရှာဖွေခဲ့ပေမဲ့ မတွေ့ဘူးလို့ သိရပါတယ်။
အလားတူ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းမှာလည်း မနေ့ည ကိုးနာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ရှမ်းချောင်းကျေးရွာနေသူတစ်ဦးက ပြောပါတယ်။
"ဗုံးပေါက်တာတော့ အသံကျယ်ကြီးပဲ လူထိမထိတော့မသိဘူး။ တံတားအဆင်းမှာတော့ လုံခြုံရေးဂိတ်ရှိတယ်"လို့ ပြောပါတယ်။
မနေ့ညနေပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက် အောင်မေတ္တာလမ်းမပေါ်က မီးသတ်ရုံးနဲ့ပန်းခြံမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၂၁ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူ ၇ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။