Home
မြန်မာသတင်း
ကျိုက်လတ်မြို့မရဲစခန်းရှေ့  ဗုံးကွဲပြီးနောက် ဒေသခံလူငယ် ၄ ဦး ဖမ်းဆီးခံရ 
DVB
·
December 15, 2023
kyeik 15122023

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ မြို့မရဲစခန်းရှေ့ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်ပြီး ဒေသခံ လူငယ် ၄ ယောက်ကို ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ  စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီဇင်ဘာ ၂ ရက်က ကျိုက်လတ်မြို့နယ်၊ မြို့မရဲစခန်းအရှေ့ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးစောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ 

ကျိုက်လတ်မြို့ခံတဦးက 'အဲဒီ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆောက်အအုံ တော်တော်များများ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်။ နေ့တိုင်း အစစ်အဆေး တင်းကျပ်နေတာ။ ဒီနေ့အထိတော့ လူငယ်တွေ အဖမ်းခံထားတယ်။ အခုအဖမ်းခံရတဲ့ လူငယ်တွေက ဖောက်ခွဲရေးသမားတွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းတာ။ ဒီနေ့လည်း ပိုက်စိပ်တိုက် ဖမ်းဆီးစစ်ဆေးနေတယ်။ ဓားစားခံ အဖမ်းခံရတာ''လို့ ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ အသက် ၁၉ ကျော်အရွယ်လူငယ် အမျိုးသား ၂ ယောက်နဲ့ အသက် ၂၀ ကျော်အရွယ်  အမျိုးသား ၂ ယောက်ပါဝင်ပြီး ဖမ်းဆီးခံရသူတွေဟာ ဆိုင်ကယ်ကယ်ရီဆွဲသူတွေ၊ ဘေထုပ်ထည်ရောင်းသူတွေနဲ့ လယ်သမား သားသမီးတွေဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီ ဗုံးပေါက်ဖောက်ခွဲမှုကို ဧရာမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ကျိုက်လတ်စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့နဲ့ နေပြည်တော်မြို့ပြပြောက်ကျား PDF အဖွဲ့ ၃ ဖွဲ့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့  သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024