Home
မြန်မာသတင်း
စစ်ကောင်စီလေတပ်က ဗန်းမောက်မြို့နယ်ကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
November 21, 2022
315497521_10160509443853415_4962139289801551861_n

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြိုနယ် အနောက်ခြမ်း ဗန်းမောက်မြို့နဲ့ ၄ မိုင်အကွာ တခွတ်တာ၊ ခွတ်နန်း ကျေးရွာဘက်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတာလို့ ဗန်းမောက်မြို့နယ်က ပြည်သူတဦးက ပြောပါတယ်။

“ညနေ ၄ နာရီထိုးခါနီးလောက် လာပစ်သွားတယ်၊ တခွတ်တာဘက်မှာပေါ့။ ဘယ်နေရာတွေကျ၊ ဘယ်သူတွေ ထိတယ်ဆိုတာတော့ မကြားသေးဘူး။ ဖုန်းလိုင်းတွေကလည်း ကောင်းကောင်းခေါ်လို့ မရဖြစ်နေတော့။ တခွတ်တာဘက်တော့ သေချာတယ်၊ ခုတလော တိုက်ပွဲဖြစ်တာလည်း မရှိဘူးကော၊ ပြည်သူတွေကြောက်အောင် တမင်လုပ်တာထင်တယ်။” 

ဗန်းမောက်မြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေ စိုးမိုးမှုများလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိမယ် အထင်နဲ့ အခုလို လာရောက်ဗုံးကြဲတာ ဖြစ်နိင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ်မြောက်ပိုင်း မံထုံဒေသဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အလယ်တန်း စာသင်ကျောင်းတခုထိမှန်ခဲ့ပြီး အမျိုးသမီးငယ်တဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်။ 

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၈) ဒေသကိုလည်း စစ်ကောင်စီလေတပ်က ဒီနေ့မနက် ၁၁ ဝန်းကျင်လောက်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024