ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ဘေးချင်းကပ်ရှိတဲ့ ဝေဘာဂီနယ်မြေ ရဲကင်းတို့ကို နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီခွဲလောက်က ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဌ ရပ်ကွက်နေသူတဦးက “ည ၇ နာရီ၊ ၈ နာရီလောက်ဆို ရုံးဖွင့်နေကျ။ အဲ့အချိန်ပေါက်တာ။ ၇ နာရီ ၃၇ မိနစ်လောက် လူနာတင်ယာဉ်တွေ လာနေသံကြားတယ်။ စစ်ကား ၃ စီးနဲ့ ရဲကားတွေပါတယ်။ အခု ခြောက်ကွေ့ကနေ ရွှေပေါက်ကံအဝအထိ လမ်းပိတ်ထားတယ်။ ဆိုင်ကယ်နဲ့ လာပစ်သွားတာပါ” လို့ ပြောပါတယ်။
မြောက်ဥက္ကလာပ ဌ ရပ်ကွက်ရုံးရဲ့ ရပ်ကွက်လူကြီးတချို့ဟာ ရေဝေးသုသာန်ဘက်က စိုက်ပျိုးမြေတွေကို အကွက်ရိုက် ရောင်းစားနေပြီး ဧည့်စာရင်းတိုင်၊ ထောက်ခံစာလုပ်သူတွေက ရပ်ကွက်ရုံးရန်ပုံငွေ ပိုက်ဆံမပေးရင် အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာမြို့နယ်၊ ဌ ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက် ည ၉ နာရီကလည်း ရပ်ကွက်ရုံးထဲ အရပ်ဝတ်ရဲတွေ ရှိနေချိန် မြို့ပြပြောက်ကျားတပ်ဖွဲ့တခုက ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ၄ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၂၆ ရက်ကလည်း စစ်ကောင်စီရဲ့ ရဲဗလတံဆိပ်ရ ဌ ရပ်ကွက် ရာအိမ်မှူး စိုးစိုး ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက် ညပိုင်း ဌ-ရပ်ကွက်ရုံး ဗုံးခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးမှုကို အတည်မပြုနိုင်သေးပါဘူး။