မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ကျွန်းတိုင်းရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
ချောင်းကူးရွာကနေ ဇီးပြားရဲစခန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို ကျွန်းတိုင်းရွာနားမှာ မနေ့ မွန်းလွဲ ၂ နာရီလောက်က ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ မိုင်းအကြီးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဆက်တက်လာလို့ ကင်းပုန်းဝပ်နေတဲ့ ရဲဘော်တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၉ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး ည ၇ နာရီကျော်တဲ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
အထိနာသွားတဲ့ စစ်ကြောင်းဟာ ညနေ ၃ နာရီကျော်လောက်မှာ ကျွန်းတိုင်းရွာကို ရွာအနောက်ပိုင်းကနေ မီးစရှို့ပြီး ည ၇ နာရီကျော်လောက်အထိ နေအိမ် ၁၃ လုံး မီးလောင်ကျွမ်းသွားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံ PDF အဖွဲ့ရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဗိုလ်လက်ယာက ထုတ်ပြောတာမရှိသလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုလည်း သီးခြား အတည်မပြုနိုင်ပါဘူး။