လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၇ ရပ်ကွက်မှာ ဒီနေ့ ညနေ ၆ နာရီဝန်းကျင်က ရာအိမ်မှူး တယောက် သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
တေးဥယျာဉ် ၁၀ လမ်းမှာနေတဲ့ ရာအိမ်မှူး တောသားကြီး နေအိမ်ကို အမည်မသိ အမျိုးသား လေးယောက်က ဧည့်စာရင်းတိုင်မယ်ဟုဆိုကာ ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သေနတ်သံ လေးချက်ကြားတယ်။ ပြီးတော့ လူနာတင်ယာဥ်တွေရော၊ စစ်တပ်ရော ရောက်လာ တယ်။ သေလားရှင်လားတော့ မသိဘူး။"
ပစ်ခတ်ခံရသူမှာ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှ ရာအိမ်မှူး ဦးဝင်းကျော်သူဖြစ်ပြီး ပစ်ခတ်မှုမှာ အမျိုးသမီးတယောက်ပါ ထိခိုက်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"အခုဟာ ဘယ်သူမှ ထွက်မကြည့်ရဲတော့ တချို့ကလည်း ရာအိမ်မှူး ထိတယ်ပြောတယ်။ တချို့ကလည်း ဧည့်စာရင်း လာတိုင်တဲ့ အမျိုးသမီး ထိတယ်ပြောတယ်။ သေချာတော့ မသိဘူး။"
ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
လတ်တလောမှာတော့ လှိုင်သာယာ ၇ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၂၀ ရက်နေ့အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး ၇ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။