ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းပေါ်က စစ်ကောင်စီတပ်တပ်စွဲထားတဲ့ သာသနာ့ဗိမာန်နားမှာ နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီက ဗုံးပေါက်ကွဲပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရပ်ကွက်နေသူ တဦးက "ဗုံးပေါက်တာက အတော်လေးကို ကျယ်တယ်။ လူနာတင်ကားတွေ ဝင်သွားတဲ့ အသံတွေ ကြားရသလို နောက်တော့ စစ်ကားတွေ ရောက်လာတယ်။ ဗုံးပေါက်တာ တဦးသေပြီး တဦး ဒဏ်ရာ ရတယ်လို့ ကြားတယ်။"
အခုလို ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ မရှိဘဲ ထိခိုက်ဒဏ်ရာရသူ တချို့သာ ရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
"သေတဲ့သူ မရှိဘူး။ ထိခိုက်ဒဏ်ရာ ရတဲ့သူ နှစ်ယောက်က အခု ဆေးကုသမှုခံနေတယ်။ ဗုံးနဲ့ လာပစ်သွားတယ်လို့ သိရတယ်။"
ဗုံးပေါက်ကွဲပြီးနောက် ဗုံးနဲ့ လာရောက် ပစ်ခတ်သူကို စစ်ကောင်စီတပ်က အောင်မင်္ဂလာရပ်ကွက်ထဲမှာ ရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးရမိတာမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၁၉ ရက်အတွင်း ပစ်ခတ်တာနဲ့ ဗုံးပေါက်ကွဲတာ တွေကြောင့် ၇ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။