Home
မြန်မာသတင်း
မြစ်ကြီးနားမြို့ပေါ် ကုန်မာဆိုင်တွင် ဗုံးပေါက်ကွဲပြီး ၁ ဦးသေဆုံး
DVB
·
November 19, 2022
316408216_696498281897645_6481556427543229813_n

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဘူတာတိုက်တန်းရှိ ကုန်မာဆိုင်တဆိုင်မှာ နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီက ဗုံးပေါက်ကွဲခဲ့ပြီး ဒဏ်ရာရသူ အမျိုးသား ၄ ယောက်ထဲက ဆိုင်ဝန်ထမ်း အသက် ၁၇ နှစ်ရှိ လူငယ် ၁ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံအမျိုးသားတဦးက "ဆိုင်ခေါင်မိုးပေါ်ကနေ ဗုံးက ကျလာတာလို့ ပြောတယ်။ ထိခိုက်မိတဲ့ သူတွေကို အရေးပေါ်ကားနဲ့ တင်သွားတယ်။ တယောက်က စိုးရိမ်ရပြီး တယောက်က နားစည်ကွဲ သွားတယ်" လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ကို မြစ်ကြီးနားပြည်သူ့ဆေးရုံပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဉ် ဆိုင်ဝန်ထမ်းလူငယ် သေဆုံးခဲ့တယ်လို့ နီးစပ်သူတဦးက ပြောပြီး ကျန်သုံးယောက်ကိုတော့ ဈေးလာဝယ်သူလား ဆိုင်ရှေ့ဖြတ်သွားသူတွေလားဆိုတာ မသိဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ အဲဒီဆိုင်မှာ ထားခဲ့တဲ့အထုတ် တထုတ်ကနေ ပေါက်ကွဲခဲ့တယ်လို့လည်း ပြောဆိုနေတာရှိသလို ဒါနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးဘူးလို့ မြို့ခံ တချို့က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် အဲဒီလမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်ကလည်း မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ ခဲ့ပြီး လူတယောက် သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013