စစ်ကောင်စီက နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၅၇၀၀ ကျော် ပြန်လွှတ်ပေးရာမှာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နမ်ဟော့အကျဥ်းထောင်ကနေ နိုဝင်ဘာ ၁၇ ရက်က နိုင်ငံရေးအကျဉ်းသား ပြန်မလွှတ်ဘဲ ရဲပြေးနဲ့ ခြေချုပ် ၃ ဦး လွတ်လာပါတယ်။
ပူတာအို နမ်ဟော့အကျဥ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပူတာအိုလူငယ် ၈ ဦး ထောင်ကျနေပေမဲ့ တယောက်မှ မလွတ်လာဘူးလို့ ရှေ့နေနဲ့နီးစပ်သူက ပြောပါတယ်။
“မနေ့က လွတ်လာတဲ့သူတွေက ရဲပြေးနဲ့ ခြေချုပ်သမားတွေ ၃ ဦးပါ။ မတရားထောင်ချခံရတဲ့ ပူတာအိုလူငယ် တဦးမှမပါလို့ စိတ်မကောင်းဖြစ်ရတယ်။ ဖမ်းဆီးထောင်ချခံရတဲ့ လူငယ်တွေက ဘာပြစ်မှုမှ မလုပ်ထားတဲ့သူတွေလည်း ပါတယ်။ ဒါကို ထောင် ၂ နှစ်စီ ကျတယ်။”
ပူတာအိုအကျဥ်းထောင်မှာ ရဝမ်လူငယ်များအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးဖုန်ရော့ဖီနန်က ထောင် ၁၀ နှစ်နဲ့ ကျန်သူတွေက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရတဲ့လုပ်ရပ်ဟာ ပူတာအိုမှာ တိုက်ပွဲခေါ်တာဖြစ်တယ်လို့ လက်ရှိ ရှေ့တန်းမှာရောက်နေတဲ့ ပူတာအို ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက မှတ်ချက်ပြုပါတယ်။
“ကျနော်တို့ ပူတာအိုမှာ ဒီနေ့ထိ ဘာအကြမ်းဖက်မှုမှ မဖြစ်သေးဘူး။ ခု ထောင်ကျတဲ့ လူငယ်တွေရဲ့ နောက်ခံကို ကြည့်လိုက်ရင် လူမှုရေးသမားတွေ ဖွံ့ဖြိုးရေးသမားတွေပဲ ဖြစ်နေတာပါ။ ခုလို ပူတာအိုလူငယ်ကို မတရားဖိနှိပ်တာက တိုက်ပွဲခေါ်တာ။ မိုက်ရိုင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။”
ပူတာအို နမ်ဟော့အကျဥ်းထောင်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဖြုတ်ချရေး တက်ကြွလူငယ်တချို့နဲ့ လူမှုရေးသမား အပါအဝင် ပူတာအိုလူငယ် ၈ ဦး လက်ရှိအချိန်ထိ ထောင်ကျနေပါတယ်။
ပူတာအိုအကျဥ်းထောင်မှာ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အကျဥ်းဦးစီးဌာန ဒေသခံဝန်ထမ်း အယောက် ၃၀ လောက် အလုပ်ထွက်ထားတယ်လို့ သိရပါတယ်။