ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်ခရိုင်အကျဥ်းထောင်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုရဲရင့်ထွန်း ထောင်ကနေ ညနေ ၆ နာရီကျော်လောက်မှာ ပြန်လည်လွတ်မြောက်လာတာ မှန်ပြီး အိမ်ကိုတော့ ပြန်မရောက်သေးဘူးလို့ မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပြန်လွတ်လာပြီ၊ မတွေ့ရသေးဘူး၊ လူချင်းတော့ ခု ဆိုင်မှာထိုင်စောင့်နေတယ်။ အဲ့နေရာကို သွားခေါ်နေတာ။”
သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြတဲ့ပွဲမှာ ဖမ်းဆီးခံရပြီး ထောင် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ခုလို ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။
ဒီနေ့ ပြန်လွတ်မြောက်လာတဲ့အထဲမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးမြင့်နိုင်နဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ဦးဆန်းမြင့်တို့လည်း ပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညနေ ၆ နာရီကျော်ထိ ပုသိမ်အကျဥ်းထောင်ကနေ လွတ်မြောက်လာသူ ၁၀ ဦးကျော်သာ ရှိသေးတာကြောင့် မိသားစုဝင်တွေကတော့ စောင့်နေကြတုန်းဖြစ်တယ်လို့ ဆိုပါတယ်။