ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ ဈေးဘားအပ်ငွေတွေကို အလွဲသုံးစား ပြုလုပ်နေကြောင်း အကျဉ်းသားတွေနဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင် ၂၅ ရက်အထိ အကျဉ်းသားတွေ အပ်ထားတဲ့ ဈေးဘားအပ်ငွေ ကျပ်သိန်း ၄၀ နီးပါးကို ငွေလက်ခံတဲ့ ထောင်ဝန်ထမ်းတွေနဲ့ ထောင်မှူးကြီး ဦးအောင်ကျော်မြင့်တို့က အလွဲသုံးစားပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကျဉ်းသားတယောက်ရဲ့ မိသားစုဝင်က “အထဲက အကျဉ်းသားတချို့က ဈေးဘားမှာ ဈေးဝယ်မယ်လို့ သွားပြောသွားတော့ ထောင်အာဏာပိုင်တွေက အပ်ထားတဲ့ပိုက်ဆံ မရှိဘူးပြောတာ။ ငွေသွင်း အပ်ပေးထားကြောင်းကို အထဲက အကျဉ်းသားတွေနဲ့ တွေ့ခွင့်ရတဲ့အချိန် ပြောထားခဲ့တာလေ။ သူတို့နဲ့ နောက်ထပ်တချိန်တွေ့တော့ တခါမှလည်း မဝယ်ရသေး၊ ငွေကလည်း မရှိတော့ဘူး ပြောတယ်ပေါ့” လို့ ပြောပါတယ်။
ငွေအလွဲသုံးစားမှုနဲ့ပတ်သက်ပြီး အကျဉ်းသားတွေဘက်က စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ထောင်မှူးနဲ့ ထောင်အာဏာပိုင်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။
ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူက “ဒီကိစ္စကို ပြီးခဲ့တဲ့အပတ်ကတည်းက သိနေတာ။ ဈေးဘားမှာ ဈေးဝယ်တဲ့အခါ ဈေးဘားအပ်ငွေ မရှိဘူးလို့ အပြောခံရတဲ့ အကျဉ်းသားတွေရဲ့ ငွေတွေကို ပေါင်းကြည့်တာ သိန်း ၄၀ နီးပါးလောက် ရှိတယ်။ ထောင်ထဲမှာ ငွေကိုင် အသုံးပြုခွင့် မရှိတဲ့အတွက် ငွေတွေကို မိသားစုဝင်တွေက ထောင်ဝန်ထမ်းတွေဆီမှာ ဈေးဘားအပ်ငွေ စာရင်းသွင်းပေးရတာ။ အကျဉ်းသူ အကျဉ်းသားတွေက စာရင်းမှတ်ပြီး ထောင်ဈေးဘားမှာ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရတာ။ ထောင်ဝန်ထမ်းတွေက လက်ခံထားတဲ့ ငွေစာရင်းနဲ့ ငွေတွေကို ပုသိမ်ထောင်မှူးကြီးက လက်ခံရယူပြီး အကျဉ်းသူ၊ အကျဉ်းသားတွေက ထောင်တွင်းဈေးဘားမှာ အသုံးပြုတဲ့ စာရင်းဇယားနဲ့ ပြန်ရှင်းလင်းပေးရတာ။ ဈေးဘားအပ်ငွေစာရင်းတွေကို အကျဉ်းသားတွေထဲက တယောက်နဲ့ အကျဉ်းသူတွေထဲက တယောက်က တာဝန်ယူပြီး မှတ်သားထားရတာ။ ငွေကိုတော့ ထောင်မှူးကြီးကပဲ ကိုင်တွယ်ရတာ။ အဲဒီတော့ ရှင်းနေတာပဲလေ” လို့ ပြောပါတယ်။
အဲဒီ ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းသူ၊ အကျဉ်းသားတွေက ဈေးဘားမှာ ဈေးဝယ်ယူတဲ့အခါမှာလည်း ပုံမှန်ပေါက်ဈေးထက် ဈေးမြှင့်ရောင်းချတာတွေကို ထောင်ဝန်ထမ်းတွေက ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလကလည်း ပုသိမ်ထောင် အာဏာပိုင်တွေက အကျဉ်းသား မိသားစုတွေဆီကနေ ထောင်ဝင်စာပါဆယ်ပစ္စည်း လက်ခံခဆိုပြီး အကျဉ်သားတယောက်ဆီ ထောင်ဝင်စာပါဆယ်ပစ္စည်း တကြိမ် ပေးပို့ခအတွက် ငွေကျပ် ၁၀၀,၀၀၀ တောင်းယူခဲ့သေးတယ်လို့ သိရပါတယ်။