ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သင်ကြားပေးနေတဲ့ ဖက်ဒရယ် အခြေခံပညာရေး အွန်လိုင်းပညာသင်ကျောင်းကို တက်နေတယ်ဆိုပြီး ကျောင်းသား ၁၂ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်က စတင်ပြီး ၁၅ ရက်နေ့အထိ ၉ တန်းနဲ့ ၁၀ တန်း ကျောင်းသား ကျောင်းသူ ၁၂ ဦးထက်မနည်းကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းနဲ့ နီးစပ်သူတဦးက “NUG ရဲ့ ပညာရေး အွန်လိုင်းကျောင်းတက်လို့ဆိုပြီး ဖမ်းတာ။ ၉ တန်း၊ ၁၀ တန်း ကလေးတွေ ဖမ်းခံရတာပါ။ ကျနော်သိရသလောက် အားလုံး ၁၂ ဦးရှိပြီ” လို့ ပြောပါတယ်။
အထက်တန်းကျောင်းသား ၉ ဦးနဲ့ ကျောင်းသူ ၃ ဦးတို့ဟာ NUG အွန်လိုင်းပညာရေးကျောင်း တက်တယ်ဆိုတဲ့ အကြာင်းပြချက်နဲ့ ဖမ်းဆီးခံထားရပြီး စစ်ကောင်စီတပ်က ပုသိမ်မြို့မရဲစခန်းမှာ စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း NUG ပညာရေးသင်တန်းကျောင်း တက်လို့ဆိုပြီး ကျောင်းသားတဦးကို စစ်ကောင်စီတပ်က တလနီးပါးလောက်ကြာအောင် ဖမ်းဆီး စစ်ဆေးခဲ့ပါသေးတယ်။