မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မကျီးကုန်းရွာနဲ့ တောင်ကန်ရွာကြားမှာ နိုဝင်ဘာ ၁၆ ရက် ဒီနေ့ မနက် ၃ နာရီကျော်က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄၀ လောက် ထိခိုက် သေဆုံးပြီး ကားကြီး ၃ စီး ပျက်စီးသွားတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တခုဖြစ်တဲ့ Patheingyi Information (PIF) က သတင်းထုတ်ပြန်ထားပေမဲ့ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။
စစ်ကောင်စီတပ်ကားကို မောင်းနှင်ပေးတဲ့ ပုသိမ်ကြီးမြို့နယ် ကြာနီကန်ရွာနေ ဦးမင်မင်းစိုးလည်း နေရာတင် သေဆုံးသွားပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးကာ လူနာတင်ကား ၂ စီးနဲ့ လာရောက်တင်ဆောင်သွားတယ်လို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တိုက်သိမ်းတော်လှန်ရေးတပ်ဖွဲ့၊ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့၊ NGU:FF အဖွဲ့၊ မဟာတော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ကြေညာထားပါတယ်။