ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စု၊ အူဗျစ်ကျေးရွာမှာ နိုဝင်ဘာ ၁၆ ရက် မနက်က နေအိမ်တစ်လုံးကို ကေအိုင်အိုနဲ့ ဆက်နွှယ်တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြေတူးစက်ဘူဒိုဇာနဲ့ ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်က အင်အား ၅၀ လောက်ဟာ စစ်ကားတွေနဲ့ နေအိမ်ကိုရောက်ရှိလာပြီး ကေအိုင်အိုနဲ့ ဆက်စပ်မှုရှိတယ်ဆိုကာ နေအိမ်မှ လူတွေကို ဆင်းခိုင်းပြီး နေအိမ်ကို ဘူဒိုဇာနဲ့ အဓမ္မ ဖြိုချဖျက်စီးခဲ့ကြောင်း ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနက် ၅ နာရီလောက်မှာ စစ်ကားသုံးစီးနဲ့ အင်အား ၅၀ လောက် ရောက်လာတယ်။ အိမ်ပေါ်က သူတွေ ကိုနှိုးပြီးတော့ အိမ်အောက်ဆင်းခိုင်းပြီး ဘူဒိုဇာနဲ့ ထိုးချသွားတယ်။ KTV မှာ အဖမ်းခံရတဲ့ ကေအိုင်အိုအရာရှိတွေနဲ့ ပတ်သက်လို့ဆိုပြီး နေအိမ်ကို လာဖြိုသွားတာ။”
ဖြိုချ ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်ကို နိုဝင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာကာ နေအိမ်အတွင်း ရှာဖွေစစ်ဆေးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ကချင်ပြည်နယ်၊ နန်းမားမြို့မှာလည်း စက်တင်ဘာလပိုင်းက PDF ထောက်ပံ့တယ်လို့ အကြောင်းပြပြီး စစ်ကောင်စီတပ်က အလုံးအရင်းနဲ့ လမ်းပိတ်ကာ ဒေသခံပြည်သူနှစ်ယောက်ရဲ့ နေအိမ်တွေကို ဘူဒိုဇာနဲ့ ဖြိုချ ဖျက်ဆီးခဲ့ပါတယ်။
Photo - CJ