ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာ အမှတ် ၆ မိုင်းဘက်ကို နိုဝင်ဘာ ၁၆ ရက် ဒီမနက် ၁ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲသွားလို့ တရုတ်နိုင်ငံသားတွေ အပါအဝင် လူတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုရားသုံးဆူနယ်စပ်မြို့နဲ့ ၁၈ မိုင် အကွာအဝေးမှာရှိတဲ့ သပြုခဲသတ္တုမိုင်းအမှတ် (၆) လုပ်ကွက်စခန်းကို ဂျက်တိုက်လေယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာ မိုင်းစခန်းတခုလုံး ပေါက်ကွဲသွားတယ်။
တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၈ ယောက် စိုးရိမ်ဒဏ်ရာ အပြင်းအထန် ရရှိသွားလို့ လူနာတွေကို ဘုရားသုံးဆူ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားခဲ့တယ်လို့ ဒေသခံ PDF သတင်းရင်းမြစ်က ပြောပါတယ်။
အမှတ် (၆) သတ္တုတူးဖော်ရေးမိုင်းစခန်းဟာ မကြာသေးခင်ကမှ အသစ်ထပ်မံပြုပြင်ထားပြီး လုပ်ငန်းလည်ပတ်တာ ရက်ပိုင်း ရှိသေးပါတယ်။
သတ္တုတူးဖော်ရေးမိုင်းစခန်းဟာ ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ တရုတ်နိုင်ငံသားတွေ ပူးပေါင်းလုပ်ကိုင်နေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ စစ်ရေးအင်အားတိုက်ခိုက်ရေးတွေ ကျဆင်းလာတာနဲ့အမျှ လေကြောင်းပစ်ကူတွေကို ပိုမိုအားထားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်လာခဲ့တာကြောင့် သာမန်အရပ်သားပြည်သူတွေမှာ ထိခိုက်သေဆုံးမှုတွေ ရှိလာနေခဲ့တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
အခုလို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား အပါအဝင် ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက အခုချိန်မှာ ထုတ်ဖော် ပြောဆိုတာမရှိသေးပါဘူး။