ရခိုင်ပြည်နယ် အမ်းမြို့နယ် ခရမ်းကျွန်းကျေးရွာက ကျောင်းအုပ်ဆရာကြီးတဦးနဲ့ မအီမြို့က စီးပွားရေးလုပ်ငန်းရှင်တဦးကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။
အမ်းမြို့နယ် င/လက်ကျေးရွာအုပ်စု ခရမ်းကျွန်းကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ် ဦးဇော်ဖြိုးဝေကို စစ်ကောင်စီတပ်ဖွဲ့ဝင်လို့ ယူဆရတဲ့ အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေက နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ကျောင်းဝင်းထဲမှာ ဖမ်းဆီးသွားတာလို့ ကျောင်းအုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“မနေ့က နေ့လယ် ၁ နာရီလောက်မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင် ၅ ယောက်က ကျောင်းထဲဝင်ပြီး ဖမ်းဆီးတာဖြစ်တယ်။ ဖမ်းသွားတဲ့သူတွေက စစ်သားတွေလို့တော့ ပြောကြတယ်။ အခုထိ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူး။”
ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းအုပ် ဦးဇော်ဖြိုးဝေဟာ အမ်းမြို့နယ် ခွဆုံပြင်ဇာတိဖြစ်ပြီး ခရမ်းကျွန်းကျေးရွာမှာ တာဝန်ကျနေတာ ၂ နှစ်လောက် ကြာနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် တောင်ကုတ်မြို့နယ် မအီမြို့ အမှတ် ၂ ရပ်ကွက်က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးထွန်းကြွယ်ကိုလည်း နိုဝင်ဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
“ဖမ်းဆီးခံလိုက်ရတာက ဟုတ်တယ်ဗျာ။ မနေ့က နေ့လယ် ၃ နာရီလောက်မှာ တောင်ကုတ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်တယ်။ ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာတော့ မသိရသေးဘူး။”
ဖမ်းဆီးခံထားရတဲ့ ဦးထွန်းကြွယ်ဟာ ရွှေဇီးဇံကုမ္ပဏီလုပ်ငန်း၊ စက်သုံးဆီဆိုင်၊ ဘတ်ဖိုးလုပ်ငန်းတွေနဲ့ ကုန်စုံဆိုင်တွေရှိတယ်လို့ မအီမြို့ခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေပါတယ်။
စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အရပ်သားတွေကို ဖမ်းဆီးမှုတွေလည်းရှိပြီး ငွေကြေးအမြောက်အမြားပေးမှ ပြန်လွှတ်ပေးတယ်ဆိုပြီး ဒေသခံတွေက ပြောဆိုနေကြပါတယ်။