ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ စက်ဘီးနဲ့ ရေခဲမုန့်လှည့်ရောင်းသူတဦး မနေ့ညက လူသုံးဦးရဲ့ ဓားထောက်လုယက်ခံရတယ်လို့ သိရပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ ၉ လမ်းမှာ နိုဝင်ဘာ ၁၄ ရက် ည ၆ နာရီခွဲလောက်က ရေခဲမုန့် လှည့်ရောင်းသူဟာ အိမ်ပြန်တဲ့အချိန် လုယက်ခံလိုက်ရတာပါ။
လုယက်ခံရသူနဲ့ ရင်းနှီးသူတဦးက “ရေခဲမုန့်သည်က လမ်းထဲရောက်တော့ လူသုံးယောက်က ရေခဲမုန့်ကျန်သေးလားဆိုပြီး ဝယ်တယ်။ စျေးရောင်းကောင်းလား မေးတယ်။ သူက ရောင်းမကောင်းလို့ စောစောပြန်သိမ်းလာတာလို့ ပြောလိုက်တယ်။ ပြီးတော့ သုံးယောက်က အနားကပ် ဓားနဲ့ထောက်ပြီး ရှိတာတွေထုတ်ပေးလို့ပြောတယ်” လို့ ပြောပါတယ်။
ရေခဲမုန့်ရောင်းသူက စက်ဘီးပေါ်ပါ ခေါင်းလောင်းနဲ့ ပြန်ထုခုခံခဲ့တာကြောင့် လုယက်သူတွေက ဓားနဲ့ထိုး၊ ဓားနှောင့်နဲ့ ခေါင်းကိုထုကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ပတ်ဝန်းကျင်တိုက်တွေက လူတချို့ ထွက်ကြည့်ပေမဲ့ လာရောက်ကူညီသူမရှိဘဲ ရေခဲမုန့်ရောင်းသူဆီက ရောင်းရငွေ ၆၀,၀၀၀ လောက်နဲ့ ဖုန်းကိုယူပြီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
“ဓားနဲ့ထိုးတော့ အရှောင် ပွတ်ထိုးမိတဲ့ ပြတ်ရှဒဏ်ရာသုံးချက် ချုပ်ရတယ်။ ခေါင်းကို ဓားနှောင့်နဲ့ထုတဲ့ဒဏ်ရာလည်း ရတယ်။ တော်တော်မလုံခြုံတဲ့ အခြေအနေ ဖြစ်နေတာ” လို့ လုယက်ခံရသူနဲ့ ရင်းနှီးသူက ပြောပါတယ်။
ရန်ကုန်မြို့မှာ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး ရပ်ရွာအတွင်း လှည့်လည်ရောင်းချနေတဲ့ စျေးသည်တွေပါ လုယက်ခံရတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။
အဲဒီလို လုယက်တာတွေ ဖြစ်နေတာနဲ့ပတ်သက်လို့ ပြည်သူတွေအကြား မလုံခြုံမှုဖြစ်နေသလို အာဏာသိမ်း စစ်ကောင်စီအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။