စစ်တပ်အာဏာသိမ်းတဲ့နေ့ကတည်းက အပြစ်မရှိဘဲဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရတဲ့ နာမည်ကြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ အဆိုတော်စောဖိုးခွားတို့ နှစ်ဦး နိုဝင်ဘာ ၁၅ ရက် ဒီနေ့မနက်ပိုင်းက အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်၊ အင်းစိန်အကျဥ်းထောင်ကနေ ဒီကနေ့ မနက်ပိုင်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော်စောဖိုးခွားတို့နှစ်ဦးကို ပြစ်ဒဏ်လျှော့ပေးပြီး လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးလိုက်တာလို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“သတင်းက မှန်ပါတယ်။ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးပြီး ပြန်လွှတ်ပေးလိုက်တာပါ။ မင်းထင်ကိုကိုကြီးရယ် စောဖိုးခွားရယ်”လို့ ပြောပါတယ်။
စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးခံရသူတွေထဲမှာ ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော်စောဖိုးခွားတို့လည်း ပါဝင်ပြီး တစ်နှစ်ကျော်ကြာ ချုပ်နှောင်ထားပြီးမှ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့တာ ဖြစ်ပါတယ်၊
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “တခြားသူတွေက စစ်တပ်ကို ဆန့်ကျင်လို့ဖမ်းတာ။ သူတို့တွေကို စစ်တပ်က အာဏာသိမ်းကတည်းက ကြောက်ပြီးဖမ်းတာ။ အခုပြန်လွတ်လာတာ ဝမ်းသာတယ်”လို့ ပြောပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
အဆိုတော် စောဖိုးခွားကိုလည်း သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀ (က)၊ ပုဒ်မ ၅၀၅ (ခ)နဲ့ ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။