စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ ၁၃ ရပ်ကွက်၊ နန်းဖာလုံ အ.ထ.က (ခွဲ)ကျောင်းမှာ နိုဝင်ဘာ ၁၅ ရက် မနက် ၂ နာရီလောက်က မီးလောင်ခဲ့တယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။
အဆိုပါ ကျောင်းထဲမှာ နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တမူးဒေသခံတဦးက “အဲဒီကျောင်းက သူတို့ တပ်စွဲနေတာပဲ။ အင်အား ၆၀ လောက်တော့ရှိတယ်။ မနေ့ညအထိ သူတို့ရှိနေသေးတယ်။ မီးလောင်လို့ အနီးကလူတွေ သွားငြှိမ်းတော့ သူတို့က မရှိတော့ဘူး။ ဘယ်အချိန်က ထွက်သွားတယ်တော့ မသိဘူး။ သူတို့ထွက်သွားပြီး ရှို့ထားခဲ့တာ ဖြစ်မယ်ဗျ” လို့ ပြောပါတယ်။
အခုမီးလောင်တာဟာ ရပ်ကွက်ပြည်သူက မီးငြှိမ်းသတ်နိုင်တာကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမူးမြို့ဒေသခံတွေဟာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စားဝတ်နေရေးအတွက် အလုပ်မလုပ်ရဘဲ ကုန်ဈေးနှုန်းကြီးမြင့်နေတာကြောင့် စီးပွားရေးကျပ်တည်းမှုနဲ့ ရင်ဆိုင်နေရကာ အိန္ဒိယဘက်ခြမ်းကလည်း ဒီနေ့ နိုဝင်ဘာ ၁၅ ရက်က စပြီး နယ်စပ်ဖြတ်သန်းခွင့် ၃ လ ပိတ်ထားလိုက်ပါတယ်။