မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ မြို့မဈေးဓမ္မာရုံရှေ့မှာရှိတဲ့ ရွှေဆိုင်တခုမှာ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ရှင်ရဲ့သားဖြစ်သူ သေနတ်ထိမှန်သွားတယ်လို့ ဆိုင်ရှင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
သစ်ဆန်းယဉ် ရွှေဆိုင်ထဲကို မျက်နှာဖုံးစွပ်ထားတဲ့ လူတယောက်က သေနတ်နဲ့ပစ်ခတ် လုယက်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ဆိုင်ရှင်ရဲ့သားဖြစ်သူ ကျောကုန်းကို သေနတ်ထိမှန်ခဲ့ကာ သေနတ်သမားက ဆိုင်မှန်ကောင်တာကိုခွဲပြီး အထဲမှာရှိတဲ့ ၅,၀၀၀ တန် ပိုက်ဆံအုပ်တွေကို အိတ်ထဲထည့်ပြီး ဆိုင်ကယ်နဲ့မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။
စီစီတီဗွီမှတ်တမ်းအရ လုယက်ခံရချိန်မှာ ရွှေဆိုင်ထဲမှာ ဝယ်သူတချို့ရှိနေပြီး သေနတ်သမားက ဝင်ဝင်ချင်း သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဆိုင်ရှင်ရဲ့သားဖြစ်သူ လူငယ်ကို ထိမှန်ခဲ့တာဖြစ်ကာ ရွှေတွေတော့ မပါသွားဘူးလို့ သိရပါတယ်။
သေနတ်ကျည်ဆန် ထိမှန်ခဲ့တဲ့သူကတော့ ခွဲစိတ်ခန်းကနေ ထွက်လာပြီဖြစ်ကာ ငွေကြေးဘယ်လောက်ပါသွားတယ်ဆိုတာကို မသိရသေးသလို ဘုရားသုံးဆူမြို့က ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းမှုတွေ လုပ်နေပေမဲ့ ပစ်ခတ်လုယက်ခဲ့တဲ့ သေနတ်သမားကိုတော့ အခုချိန်ထိ ဖမ်းမမိသေးပါဘူး။
မြန်မာနိုင်ငံအတွင်းက မြို့နယ်အသီးသီးမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်အကိုင် ရှားပါးမှုနဲ့အတူ ငွေကြေးကျပ်တည်းမှုတွေကြောင့် ရာဇဝတ်မှုတွေ ပိုများလာပြီး အကြမ်းဖက် လုယက်မှုတွေလည်း ပိုမိုများပြားလာနေပါတယ်။