ထိုင်းနိုင်ငံအတွင်း ကားတိမ်းမှောက်မှုမှာ သေဆုံးသွားတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သား ၂ ယောက်အတွက် ကျန်ရစ်သူမိသားစုတွေကို အာမခံအကျိုးခံစားခွင့် ဘတ် ၂ သန်းကျော်ရရှိအောင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနနဲ့ ကိုရဲမင်း(AAC) အဖွဲ့တို့က ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်က ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် ကန်ဖယ်ဖစ်ခရိုင်မှာ အထောက်ထားမဲ့ မြန်မာအလုပ်သားတွေ တင်ဆောင်လာတဲ့ ကားတိမ်းမှောက်ပြီး မြန်မာအလုပ်သား ၃ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်ရစ်သူမိသားစုတွေ အာမခံ အကျိုးခံစားခွင့် အပြည့်အဝ ရရှိစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ကိုရဲမင်း ဦးဆောင်တဲ့ AAC မဟာမိတ်အဖွဲ့အား တာဝန်ပေးအပ်ခဲ့လို့ AAC မဟာမိတ်အဖွဲ့က သေဆုံးသူ မြန်မာ အလုပ်သား ၂ ယောက်အတွက် တစ်ဦးလျှင် ဘတ် ၁,၀၅၀,၀၀၀ နှုန်းနဲ့ ထိုင်းဘတ်ငွေ ၂,၁၀၀,၀၀၀ ကို နိုဝင်ဘာ ၃ ရက်မှာ ကျန်ရစ်သူ မိသားစုတွေထံ လွှဲအပ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ တစ်ဦးအတွက် အကျိုးခံစားခွင့် ရရှိနိုင်အောင် ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ဖိနှိပ်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှု၊ မိသားစု စားဝတ်နေရေးအခက်ခဲ ကုန်ဈေးနှုန်းကြီးလာမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ထိုင်းနိုင်ငံကို အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ဖို့ နည်းမျိုးစုံနဲ့ သွားရောက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ ဖမ်းဆီးခံရတာနဲ့ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေ မကြာခဏ ရှိနေတာပါ။