ရန်ကုန်၊ လှိုင်မြို့နယ် ၇ ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ ကမာရွတ်ဘူတာရုံနားမှာ နိုဝင်ဘာ ၁၃ ရက် မနေ့ည ၇ နာရီခွဲလောက်က စစ်ကောင်စီ လှည့်ကင်းကား တစီး ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါက်ကွဲသံ အကျယ်ကြီးကြားရပြီး စစ်ကားတွေ ထပ်ရောက်လာသလို လူထိခိုက်မှု ရှိတယ်လို့ ကြားသိရပေမဲ့ သေ၊ မသေတော့ မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်သား နှစ်ယောက်နဲ့ ဘေးနားမှာ ဖြတ်သန်းသွား လာတဲ့ အငှားယာဉ်ပေါ်က အမျိုးသား တယောက်ရဲ့ ခြေထောက်မှာ ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။
ဗုံးပေါက်ကွဲပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်ကို ရှာဖွေခဲ့ရာမှာတော့ ည ၉ နာရီလောက်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး ထပ်ပြီး တွေ့ခဲ့လို့ ဗဟိုလမ်းပေါ်မှာ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးတဲ့နောက် စစ်ကောင်စီတပ်က လမ်းပိတ်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့သလို့ ရပ်ကွက်အတွင်း ဧည့်စာရင်း စစ်ခဲ့တယ်လို့ သိရပါတယ်။
အခု ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် တညတည်းမှာပဲ ရန်ကုန်တိုင်းထဲက သာကေတ၊ စမ်းချောင်း၊ ဗိုလ်တထောင်နဲ့ လှိုင်သာယာမြို့နယ်တွေမှာလည်း ဗုံးပေါက်ကွဲခဲ့ပါတယ်။