စစ်ကောင်စီစစ်ကြောင်းကြောင့် လက်နက်၊ ငွေကြေးနဲ့ ပစ္စည်းတချို့ ဆုံးရှုံးခဲ့ရတဲ့အပေါ် မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်အပါအဝင် တာဝန်ရှိသူတွေက အပြည့်အဝ တာဝန်ခံမှာဖြစ်ပြီး ပြည်သူတွေကို အနူးအညွတ်တောင်းပန်တယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့က ဆောမြို့နယ် ကျောက်ထုဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရွာတရွာမှာ စစ်ကြောင်းရှောင်နေကြတဲ့ အချုပ်ခန်းစောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အနီးကပ်မျက်နှာချင်းဆိုင် ထိပ်တိုက်တိုးမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရဲဘော်တွေဟာ ချက်ချင်းတိမ်းရှောင်ခဲ့ကြရပြီး အချုပ်ခန်းစောင့်ရာမှာသုံးတဲ့ မောင်းပြန် ၂ လက်၊ လက်လုပ်အူဇီ ၃ လက်၊ လက်လုပ် ခါးချိုး ၃ လက်၊ အိုင်အွန် ၃ လုံး၊ ဆိုင်ကယ် ၅ စီး၊ ဖုန်း ၁၄ လုံး၊ ငွေကြေးတချို့နဲ့ အဝတ်အစားတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အချုပ်သားတွေနဲ့ အချုပ်ခန်းစောင့် ရဲဘော်တွေကတော့ အသက်အန္တရာယ်မရှိဘဲ တိမ်းရှောင်ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကို စိစစ်ရာမှာ မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်နဲ့ အချုပ်တာဝန်ခံတို့ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ ပြတ်သားတဲ့ညွှန်ကြားချက်မပေးနိုင်တာ၊ အချုပ်ခန်းစောင့် ရဲဘော်တွေရဲ့ ကင်း ပျက်ကွက်တာတို့ဟာ အဓိကကျတာကိုတွေ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီဆုံးရှုံးနစ်နာတာတွေအတွက် တာဝန်ရှိသူတွေက အပြည့်အဝတာဝန်ခံမှာဖြစ်ပြီး အများပြည်သူကို စိတ်ပျက်စေခဲ့တာအတွက် အနူးအညွတ်တောင်းပန်သလို နောက်နောင်မှာ အခုလို မဖြစ်စေဘဲ အစိုးရယန္တရားတခုဖြစ်တဲ့ ပြည်သူ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အထူးဂရုပြု လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ကတိပေးထားပါတယ်။