စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းက ဖေဖော်ဝါရီ ၁၂ ရက် မနက်မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီကောင်တွေက သူတို့နမခ အထိုင်စခန်းကို ကာကွယ်ရေးတပ်တွေက ပစ်ခတ်တာကြောင့် အတွင်းစည်း၊ အပြင်စည်းဆိုပြီး ကင်းပတ်နေတာ။ အဲလိုကင်းပတ်ရင်း ကျနော်တို့ ရွာကို တိုက်ပွဲမဖြစ်ဘဲ မီးရှို့သွားတယ်။ မီးရှို့တဲ့အကြောင်းအရင်းကတော့ မြင်ကွင်းရှင်းတာဖြစ်နိုင်တယ်။ ကျနော်တို့ရွာနဲ့ နမခစစ်တပ် စခန်းတွေနဲ့က နာရီဝက်လောက် ဆိုင်ကယ်နဲ့ စီးသွားရင်ရောက်တယ်၊ အရမ်းနီးတယ်လေဗျာ။ လူနေအိမ်ကတော့ ၃၀ လောက် မီးလောင်ဆုံးရှုံးတယ်။ နောက်ပြီး သူတို့လာလို့ ရွာထဲကနေ ထွက်ပြေးတဲ့ ရွာသားတဦးကို စစ်ကောင်စီက လှမ်းပစ်ခတ်လို့ လက်မောင်းကျည်ထိမှန်တာလည်း ရှိခဲ့တယ်။ နောက်ထပ် လူငယ်ပိုင်းထဲက တယောက်လည်း ဖမ်းခေါ်သွားတယ်လို့တော့ သတင်းကြားနေရတယ်။ ဘယ်သူ၊ ဘယ်ဝါဆိုတာကတော့ မသိရသေးဘူး” လို့ ကွမ်းခြံရွာခံတဦးက ပြောပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) စစ်တပ်ဟာ မုံရွာမြို့နယ် အလုံမြို့ရဲ့မြောက်ဘက်၊ ဘုတလင်မြို့နယ်နဲ့ မုံရွာမြို့နယ်စပ် ၂ ခုကြားမှာ တည်ရှိပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၁ ရက် မနက်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၄၇ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကောင်ဂျာကျေးရွာမှာ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနက် ၁ နာရီလောက်ကြီး လက်နက်ကြီးနဲ့ ဗန်းမော်တပ်ကနေ လှမ်းပစ်နေတာ။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ပစ်တာ ၅ လုံးလောက်ရှိတယ်။ ကောင်ဂျာက အိမ်တွေအပေါ် သုံးလုံးကျတယ်။ အမျိုးသမီး ၁ ဦးသေတယ်၊ ၁ ဦးကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး လက်နှက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးကတော့ မျက်နှာမှာ ဒဏ်ရာပြင်းထန်စွာရှိခဲ့တဲ့အတွက် ဗန်းမော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ဗန်းမော်မြို့နယ် ကောင်းတုံကျေးရွာက နေအိမ်တလုံးပေါ် စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။