Home
မြန်မာသတင်း
ချောင်းဆုံတွင် မီးလောင်ပြီး နေအိမ် ၁၅ လုံးထက်မနည်း ဆုံးရှုံး
DVB
·
February 20, 2024
CHAUNGSONE4_20022024
CHAUNGSONE3_20022024
MNDAA5_0412024
CHAUNGSONE2_20022024
CHAUNGSONE1_20022024
CHAUNGSONE_20022024

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ဘိုဘိုဝင်း ကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ အမှတ် ၁၂ ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၃ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ဘာကြောင့်လောင်တာလဲဆိုတဲ့ အကြောင်းအရင်းကို စစ်ဆေးနေတုန်းပါပဲ။ မီးလောင်တဲ့ အိမ်အရေအတွက်ကတော့ ၁၅ လုံးကနေ ၁၇ လုံးအထိ လောင်ကျွမ်းသွားပါတယ်။ မီးသတ်တပ်ဖွဲ့တွေကော ပြည်သူတွေပါ ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။

‌မီးလောင်ကျွမ်းတဲ့နေရာဟာ မီးသတ်ကား ဝင်ရောက်လို့မ‌ရ‌တာကြောင့် ပိုလောင်ကျွမ်းသွားတာလို့ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိကပြဿနာက မီးလောင်တဲ့နေရာက ကားတွေဝင်မရဘူး။ အဲ့ဒါကြောင့်မို့ မီးက‌ ပိုလောင်ကျွမ်းသွားတာ။ နောက်ပြီး လေတိုက်နေတာလည်း ပါတယ်။ လုံးဝ ပြာကျသွားတာ အိမ် ၁၅ လုံးပါ။ မီးကတော့ ၁ နာရီကျော် သတ်လိုက်ရပါတယ်။”

မီးလောင်တဲ့နေရာကို မော်လမြိုင်နဲ့ ချောင်းဆုံမြို့တွေက မီးသတ်ယာဉ်တွေ၊ ချောင်းဆုံ၊ မော်လမြိုင်နဲ့ မုဒုံမြို့တွေက ပရဟိတအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၄ နာရီကျော်မှာ မီးငြှိမ်းနိုင်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့တဲ့ မီးဘေးသင့်ပြည်သူတွေကို မုဒွန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024