Home
နိုင်ငံတကာ
ဦးနှောက်ချစ်ပ်ပြားထည့်ထားသည့်လူနာက ကွန်ပျူတာမောက်စ်ကို အတွေးဖြင့် ထိန်းချုပ်နိုင်
DVB
·
February 20, 2024
FILE PHOTO: Illustration shows Neuralink logo and Elon Musk silhouette

Neuralink ကုမ္ပဏီက ဦးနှောက်ချစ်ပ်ပြားထည့်ထားတဲ့ ပထမဆုံးလူနာဟာ အပြည့်အဝ ပြန်လည်ကျန်းမာလာပြီး ကွန်ပျူတာမောက်စ်ကို အတွေးနဲ့တင် ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ကုမ္ပဏီထူထောင်သူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က ကြေညာပါတယ်။

မတ်စ်ခ်က သူ့လူမှုကွန်ရက် X မှာ “တိုးတက်မှုက အခြေအနေကောင်းပါတယ်။ လူနာဟာ အပြည့်အဝ ပြန်လည်ကျန်းမာလာပြီး ကျနော်တို့ သတိပြုမိနိုင်တဲ့ အာရုံကြောသက်ရောက်မှုတွေ ရှိပါတယ်။ လူနာဟာ ဖန်သားပြင်ပေါ်မှာ မောက်စ်ကို အတွေးနဲ့တင် ရွှေ့နိုင်စွမ်းရှိနေပါပြီ” လို့ ရေးထားပါတယ်။

Neuralink ကုမ္ပဏီအနေနဲ့ လူနာဆီက မောက်စ်ခလုတ် နှိပ်တဲ့ အချက်ရေ များနိုင်သမျှ များများရအောင် ကြိုးစားနေတယ်လို့ မတ်စ်ခ်က ဆိုပါတယ်။

မနှစ် စက်တင်ဘာလတုန်းက လူသားမှာစမ်းသပ်ဖို့ ခွင့်ပြုချက်ရပြီးတဲ့နောက် ပြီးခဲ့တဲ့လက ပထမဆုံး လူသားဦးနှောက်မှာ ချစ်ပ်ပြားထည့်သွင်းခဲ့တာပါ။

လူရဲ့ ရွေ့လျားလိုတဲ့ ရည်ရွယ်ချက်ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းမှာ ဦးနှောက်ကွန်ပြူတာ ချစ်ပ်ပြားထည့်ဖို့ စက်ရုပ်ကိုသုံးပြီး ခွဲစိတ်ထည့်သွင်းတာ ဖြစ်ပါတယ်။

ကနဦးရည်ရွယ်ချက်က ကွန်ပြူတာပေါ်က မြားလေး ဒါမှမဟုတ် ကီးဘုတ်ကို အတွေးနဲ့ ထိန်းချုပ်နိုင်ဖို့လို့ ဆိုပါတယ်။

မတ်စ်ခ်ကတော့ ဒီကနေ အဝလွန်ရောဂါ၊ အော်တစ်ဇင်၊ စိတ်ကျရောဂါ၊ စိတ်ကစင့်ကလျား အခြေအနေတွေကို ကုသဖို့ ချစ်ပ်ပြားကို ခွဲစိတ်ပြီး ထည့်သွင်းနိုင်ဖို့ပါ မှန်းထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တန်ကြေးရှိတယ်လို့ သတ်မှတ်ခံရတဲ့ Neuralink ကုမ္ပဏီဟာ ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှုရှိမရှိ သေချာစစ်ဆေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

Source/Photo-REUTERS/Dado Ruvic/Illustration

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024