ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဘက်ခြမ်း ဘီလူးချောင်းဖြတ် မှော်ဘီတံတားပေါ်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်မှာ အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့ပြီး ငွေနဲ့ ပြန်လည်းရွေးခိုင်းခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူဟာ ဖယ်ခုံမြို့နေ ဒေါ်တင်စိန် ဖြစ်ပြီး ညောင်ရွှေမြို့မှာ ဓာတ်ဆီသွားဝယ်ပြီး အပြန် မှော်ဘီဂိတ်အရောက်မှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က စစ်ဆေးပြီး ဖမ်းသွားခဲ့တာလို့ ဆိုပါတယ်။
လူကိုဖမ်းတဲ့အပြင် ဒေါ်တင်စိန်ကား၊ သယ်လာတဲ့ ဆီ ၉ ပေပါနဲ့ ငွေသားတချို့လည်း သိမ်းသွားတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဒေါ်တင်စိန် ပြန်လွတ်လာခဲ့ပြီး ပြန်လွတ်နိုင်ဖို့ စခန်းမှူး၊ နယ်ထိန်းတွေကို ပိုက်ဆံ သိန်း ၅၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “သိန်း ၅၀ လည်း ပေးရတယ်၊ ဆီလည်းပြန်မရဘူး၊ ကားတော့ ပြန်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ခုက ပြန်မရသေးဘူး။ ခု ပြည်သူလူထု ခက်ခဲနေချိန် ဒီလိုတော့ မပြုလုပ်သင့်ပါဘူး” လို့ ပြောပါတယ်။
အဲဒီဂိတ်မှာ ခရီးသွားလာသူတွေကိုလည်း ရိုက်နှက်စစ်ဆေးတာ၊ ကြမ်းတမ်းစွာ ဆဲဆိုတာ၊ တိုင်းရင်းသား အမျိုးသမီးတွေကို ထိကပါးရိကပါး ပြောဆိုတာ၊ လိုအပ်တာထက် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“စောင့်တာက ဗမာစစ်သားနဲ့ PNO တွေ၊ နေ့တိုင်း အရက်မူးနေတာ။ လူကိုလည်း အရမ်းရစ်တယ်။ မိန်းကလေးငယ်ဆိုလည်း ပေးမသွားဘဲ အကြာကြီးရစ်တာ၊ စစ်တာတို့ လုပ်တယ်။ တချို့သူတွေတောင် မဖြတ်ရဲကြဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ဒေသခံတဦး သယ်လာတဲ့ ငါးသေတ္တာ၊ ဘီယာဘူး၊ အချိုရည်၊ ခေါက်ဆွဲ စတာတွေကိုလည်း သိမ်းယူပြီး ကျပ် ၈ သိန်းဖိုး ပါသွားတယ်လို့ ဆိုပါတယ်။
မှော်ဘီတံတားပေါ်ဂိတ်ဟာ ပင်လောင်း-ကျောက်တလုံး-ဆိုက်ခေါက်-ဆီဆိုင်၊ ဖယ်ခုံ-တောင်ကြီး၊ ဖယ်ခုံ-စံကား-နန်းပန်-ညောင်ရွှေ သွားလမ်းဖြစ်ပြီး ကုန်စည်စီးဆင်းမှု လမ်းကြောင်းအရ အရေးပါတဲ့လမ်း ဖြစ်တယ်လို့ သိရပါတယ်။